တာချီလိတ်မြို့ရှောင်ဖောက်လုပ်ရာတွင် မလွတ်ကင်းသည့် စည်ပင်ပိုင် ရွှေဝါနဒီပန်းခြံ၏ စည်းရိုး ပေ(၄၀)ကို စတင် ဖယ်ရှား

တာချီလိတ်မြို့ရှောင်ဖောက်လုပ်ရာတွင် မလွတ်ကင်းသည့် စည်ပင်ပိုင် ရွှေဝါနဒီပန်းခြံ၏ စည်းရိုး ပေ(၄၀)ကို စတင် ဖယ်ရှား
ဒီဇင်ဘာ 1, 2019
By Tachileik News Agency

နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်တွင် မြေယာလျော်ကြေးယူရမည့်သူများ ကျန်နေဆဲဖြစ်သည့် မြို့ရှောင်လမ်းကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး လမ်းဧရိယာနှင့် မလွတ်ကင်းသည့် ရွှေဝါနဒီပန်းခြံ စည်းရိုး အကျယ် ပေ(၄၀)ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့တွင် စတင်ဖယ်ရှားနေပြီဖြစ်သည်။

"ရွှေဝါနဒီပန်းခြံ ခြံစည်းရိုးကို မြို့ရှောင်လမ်းနဲ့ မလွတ်တဲ့အတွက် ဖျက်သိမ်းပေးခဲ့တာပါ"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေဝါနဒီပန်းခြံ စည်းရိုးဖျက်သိမ်းပေးသည့်နေရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်ဟု သိရသည်။

"လုပ်ငန်းတွေက စနေပြီဗျ။ အခုလုပ်တဲ့မြေနေရာက အစိုးရမြေ။ လျော်ကြေးတွေ မပြတ်သေးပေမဲ့ လုပ်လို့ရတဲ့ အပိုင်းတွေ လုပ်နေတာပေါ့။ ဒီဘက်ပိုင်းကတော့ လုပ်ငန်းတွေ လုပ်လို့မရသေးဘူး။ လျော်ကြေးယူထားတဲ့ အိမ်တွေကို ဖယ်ရှားပေးဖို့  စာပို့ရဦးမယ်။ ဦးထွန်းအောင်လမ်းဘက်ကတော့ လုပ်ငန်းတွေစလုပ်နေပါပြီ"ဟု ဆောက်လုပ်ရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ် ဦးစီးမှူး ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းနယ်တွင် ပါဝင်မည့် လယ်ယာမြေနှင့် အိမ်ခြံမြေများအတွက် မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေးအဖြစ် လန-၃၉ ကျပြီးသည့် အိမ်ခြံမြေ(၄၀x၆၀)တစ်ကွက်လျှင် ကျပ်သိန်း(၁၉၀)၊ လန-၃၉ ကျပြီးသည့် လယ်ယာဥယျာဉ်ခြံမြေ နှင့် မြေလွတ်မြေရိုင်းများအား တစ်ဧကလျှင် ကျပ်သိန်း(၁၉၀)နှုန်းဖြင့် သတ်မှတ်ပေးအပ်နေရာ လျော်ကြေးပေးအပ်ရမည့်သူ (၁၉၆) ဦးတွင် လျော်ကြေးမယူသေးသူ (၂၉) ဦး ကျန်နေဆဲဖြစ်သည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂)အနီးမှနေ၍ မယ်ဆိုင်ချောင်းတလျှောက်  စက်မှုဇုန်နှင့် ဝမ်ပုံဖြတ်လမ်း ဦးထွန်းအောင်ဂိတ်အထိ ဖောက်လုပ်မည်ဖြစ်သည်။

တာချီလိတ်မြို့ရှောင်လမ်း (ဝ) ကီလိုမီတာမှ (၆.၄) ကီလိုမီတာအထိ မြေသားတာဘောင်တည်ဆောက်ရေးလုပ်ငန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်းပေါင်း (၈၇၅) သန်း၊ သံကူကွန်ကရစ် Box Culvert (၁၆) စင်းတည်ဆောက်ရန်အတွက် ကျပ်သန်းပေါင်း (၃၂၀) သန်း၊ (၁၀) ပေအရှည် သံကူကွန်ကရစ်တံတား (၁) စင်းတည်ဆောက်ရန်အတွက် ကျပ်သန်းပေါင်း (၃၇) သန်း၊ (၁၅) ပေအရှည်သံကူကွန်ကရစ်တံတား (၂) စင်းတည်ဆောက်ရန်အတွက် ကျပ်သန်းပေါင်း (၁၁၁) သန်း၊ စုစုပေါင်း ကျပ်သန်း (၁၃၄၃) သန်းကို ခွင့်ပြုချထားပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ  -ကျော်ဇင်ဟိန်း




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~