တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနတွင် လျှောက်ထားသူမရှိသေးသည့် တင်ဒါအတွဲ (၁၀)ခု ကျန်ရှိနေ

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနတွင် လျှောက်ထားသူမရှိသေးသည့် တင်ဒါအတွဲ (၁၀)ခု ကျန်ရှိနေ
ဒီဇင်ဘာ 6, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းပေါင်း(၄၀)အတွက် တင်ဒါအတွဲ (၁၄) တွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ရောင်းချရာ လျှောက်ထားသူမရှိသည့် တင်ဒါအတွဲ (၁၀) ခု ကျန်နေကြောင်း သိရသည်။

"မြို့နယ်စည်ပင်အနေနဲ့ ကျပ်သိန်း (၁၀၀၀) အောက်လုပ်ငန်းတွေပဲ တင်ဒါခေါ်တာ။ Lot (၄) ခုပဲ ဆွဲတာပေါ့။ ကျန်တဲ့လုပ်ငန်းတွေကိုတော့ စည်ပင်သာယာဌာန အစီအစဉ်နဲ့ ဆောင်ရွက်သွားမှာပါ"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း လုပ်ငန်းများ တင်ဒါရောင်းချရာတွင် လုပ်ငန်း (၁၂) ခုပါဝင်သည့် တင်ဒါအတွဲ (၄)တွဲကို အိန်ဂျဲယ်လာကုမ္ပဏီ၊ နေလင်းထွန်းကုမ္ပဏီ၊ တာချီလိတ်နဂါးမင်းကုမ္ပဏီနှင့် ရှမ်းအရှေ့နဂါးမင်းကုမ္ပဏီတို့က တင်ဒါဆွဲခဲ့ကြခြင်းဖြစ်သည်။

ရှမ်းရှေ့နဂါးမင်းကုမ္ပဏီက ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာတွင်းလမ်းနှင့် ဝမ်ကောင်းမွန်ရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၆၀.၉၃၆) နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် တံတားတည်ဆောက်ခြင်း၊ ဆေခမ်းရပ်ကွက်၊ လေယာဉ်ကွင်းရွာလယ် တံတားသစ်တည်ဆောက်ခြင်း၊  တာလော့ရပ်ကွက်၊ အင်ကြင်းလမ်း  ရေမြောင်း၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ရွှေသဲရှေ့ရေမြောင်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဆန်းရှိုင်းအိမ်ရာတွင် ရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများအတွက် ခွင့်ပြုရန်ပုံငွေ (၆၈.၃၀၆) သန်းဖြင့် တင်ဒါအောင်ခဲ့သည်။

တာချီလိတ်နဂါးမင်းကုမ္ပဏီက ဆေခမ်းရပ်ကွက်၊ စက်မှုဇုန်လမ်းဆုံ တံတား၊ ရန်အောင်မြေရပ်ကွက်၊ ဘုရားကြီးကျောင်းပတ်လမ်း ရေမြောင်း၊ ဝိန်းကျောက်ရပ်ကွက် LM Home Mark ဂိုဒေါင်အနီး ရေမြောင်းတို့အတွက် ခွင့်ပြုရန်ပုံငွေ ကျပ် (၇၀.၇၅၆) သန်းဖြင့် တင်ဒါအောင်သွားခဲ့ခြင်းဖြစ်သည်။

နေလင်းထွန်းကုမ္ပဏီက မယ်ခေါင်ရပ်ကွက် ကွန်ကရစ်လမ်းခင်းခြင်း၊ ပါဆတ်ရပ်ကွက်၊ မြို့ရှောင်လမ်း ကွန်ကရစ်ခင်းခြင်းတို့အတွက် ခွင့်ပြုရန်ပုံငွေ ကျပ်(၇၃.၇၁) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~