လားရှိုးတွင် လူသေသည်အထိ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်းကို (၄)ရက်အကြာတွင် ဖမ်းမိ

လားရှိုးတွင် လူသေသည်အထိ ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်းကို (၄)ရက်အကြာတွင် ဖမ်းမိ
ဒီဇင်ဘာ 6, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ နားယာမကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ဒီဇင်ဘာလ (၁) ရက်နေ့က ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ တိုက်မိထွက်ပြေးသွားသည့် မော်တော် ယာဉ်မောင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့ ညနေပိုင်းက မန္တလေးတွင် ဖမ်းဆီးထားကြောင်း သိရသည်။

"အဲဒီနေ့က အခင်းဖြစ်တဲ့နေရာမှာ ဝင်တိုက်တဲ့ကားရဲ့ (လက်ဝဲဘက်)နောက်ကြည့်မှန်က ကျန်နေခဲ့တယ်။ ဒါနဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က တိုးဂိတ်တွေကိုလိုက်ပြီးတော့ ယာဉ်ဖြတ်သန်းမှုတွေကို မှတ်တမ်းတင်ထားတဲ့ လုံခြုံရေးကင်မရာတွေကနေ အဲဒီကားကို လိုက်ရှာတယ်။ တိုးဂိတ်က လုံခြုံရေးကင်မရာတွေက ယာဉ်ငယ်ဖြတ် တဲ့လမ်းကြောမှာ တပ်ထားတာတွေက ပျက်နေတဲ့အတွက် မသင်္ကာတဲ့ ကားနဲ့ပတ်သက်တာကို စုံစမ်းဖို့ ခက်ခဲ ခဲ့ရတယ်။ ဒါနဲ့ လားရှိုးမြို့နယ်အတွင်းက ခရီးသည်တင်ယာဉ်လိုင်းတွေမှာလည်း အဲဒီမသင်္ကာတဲ့ကားနဲ့ ယာဉ်မောင်း ပုံသဏ္ဍာန်တွေ တိုက်ပြီးလိုက်ရှာတယ်။ နောက်ဆုံး မန္တလေးမှာရှိတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့ သတင်းရယူ ပူးပေါင်းပြီး ယာဉ်တိုက်မှုကနေ ထွက်ပြေးနေတဲ့ တရားခံကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ် " ဟု အမှတ် (၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(လားရှိုး)မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မျိုးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နယ်၊ နားယာမကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက် ညနေပိုင်းက လားရှိုးမှ သီပေါဘက်သို့ မောင်းနှင်နေသည့် ဆိုင်ကယ်တစ်စီးအား မျက်နှာချင်းဆိုင်ဘက်မှ လာသည့် ယာဉ်ငယ်တစ်စီးက တိုက်မိခဲ့သည့်အတွက် ဆိုင်ကယ်မောင်းနှင်လာသည့်အမျိုးသားမှာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဝင်တိုက်သည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့သဖြင့်  လားရှိုးနှင့် မန္တလေးမှ ယာဉ်ထိန်းတပ်ဖွဲ့တို့ ပူးပေါင်းဖေါ်ထုတ်မှုဖြင့် (၄) ရက်အကြာ၌ ဖမ်းဆီးနိုင်ခဲ့ကြောင်း အမှတ် ၂၀ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်း/မြောက်၊လားရှိုး) မှ သိရသည်။

ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားသည် လားရှိုးမြို့ အမှတ်( ၇ ) အဆင့်မြင့်ဆက်သွယ်မှု တပ်ရင်းမှတပ်ကြပ်ကြီး ကျော်ဝင်းဖြစ်ပြီး အခင်းဖြစ်နေရာ အနီးရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ နံပါတ်ပြား အနီရောင် တပ်ဆင်ထားသည့် ခရီးသည်တင်ယာဉ်ငယ်တစ်စီးက မျက်နှာချင်းဆိုင်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိကာ သေဆုံးသွားသည့် ဆိုင်ကယ်မောင်းနှင်သူကို လမ်းဘေးဆွဲချပြီး ကားမောင်း၍ ထွက်ပြေးသွားကြောင်း သတင်းအရ စုံစမ်းဖေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုမှ ထွက်ပြေးတိမ်းရှောင်သွားသည့် နိုင်ဦးကို မန္တလေးမြို့ရှိ နေအိမ်တွင် ဒီဇင်ဘာလ (၅) ရက်နေ့ ညနေပိုင်းက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~