ကျိုင်းတုံမြို့တွင် ခရီးသည်တင်ယာဉ်များ မတော်တဆဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေးမှုနှင့်အတူ စစ်ဆေးမှုကို အကြိမ်ရေတိုးမြှင့် လုပ်ဆောင်

ကျိုင်းတုံမြို့တွင် ခရီးသည်တင်ယာဉ်များ မတော်တဆဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် အသိပညာပေးမှုနှင့်အတူ စစ်ဆေးမှုကို အကြိမ်ရေတိုးမြှင့် လုပ်ဆောင်
ဒီဇင်ဘာ 13, 2019
By Tachileik News Agency
ကျိုင်းတုံမြို့တွင် ခရီးသည်တင်ယာဉ်များ မတော်တဆဖြစ်ပွားမှု လျော့နည်းကျဆင်းရေးအတွက် 
အသိပညာပေးမှုနှင့်အတူ စစ်ဆေးမှုကို အကြိမ်ရေတိုးမြှင့် လုပ်ဆောင်

ခရီးသည်တင်ယာဉ်များ ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်း ကျဆင်းရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းတွင် မော်တော်ယာဉ်များစစ်ဆေးခြင်းကို တစ်လ (၂)ကြိမ် ဆောင်ရွက်နေရာမှ တစ်ရက်ခြားတစ်ကြိမ် တိုးမြှင့်ပြုလုပ်နေကြောင်း သိရသည်။

"ထိုင်ခုံခါးပတ်တွေ စစ်တယ်။ ထိုင်ခုံခါးပတ် ပတ်၊ မပတ် စစ်တယ်။ သတ်မှတ်ယာဉ်မောင်းလိုင်စင် ရှိ၊ မရှိစစ်တယ်။ အခုက တိုးမြှင့်ပြီးတော့ တစ်ရက်ခြားတစ်ခါ လုပ်နေတယ်။ အရင်တုန်းက တစ်လ (၂) ကြိမ်ပဲ စစ်တာ"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ စစ်ဆေးရေးမှူး(၂) ဦးအောင်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ပြောသည်။

အသိပညာပေးမှုနှင့်အတူ စစ်ဆေးမှုများ လုပ်ဆောင်ရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ စစ်ဆေးရေးမှူး(၂) ဦးအောင်မိုး နှင့် ဝန်ထမ်းများ၊  လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနမှ လ/ထကွန်စီစဥ်ရေးမှူး ဒေါ်မျိုးမျိုးဦး၊ အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်းဇော်ဟန်  နှင့် တပ်ဖွဲ့ဝင်များ၊ မထသ စသည့် ပူးပေါင်းအဖွဲ့ပါဝင်ပြီး ယာဉ်များတွင် မီးသတ်ဆေးဘူးတပ်ဆင်ထားမှု၊ ထိုင်ခုံခါးပတ်များပါရှိ အသုံးပြုမှု စသည့်ယ ာဉ်နှင့်သက်ဆိုင်သည့် အချက် (၁၃) ချက်၊ ယာဉ်မောင်းနှင့် ယာဉ်အကူတို့တွင် လိုင်စင်ပါရှိမှု၊ ယာဉ်မောင်းများ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲထားမှုစသည့် ယာဉ်မောင်း၊ ယာဉ်အကူများနှင့် သက်ဆိုင်သည့် အချက် (၁၀) ချက်တို့ကို စစ်ဆေးကြခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှုလျော့နည်းရေးအတွက် စစ်ဆေးမှုများလုပ်ဆောင်ခြင်းအပြင် အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံခရိုင်)မှ တပ်ဖွဲ့စုကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာ ပေးခြင်းနှင့် ဖမ်းဆီးအရေးယူခြင်းများကို အလှည့်ကျဆောင်ရွက်ကာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားပြီး အသက်သေဆုံးမှု လျှော့ချနိုင်ရန်အတွက် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် အသိပညာပေးနေသော်လည်း လိုက်နာမှုအားနည်းနေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကညန

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~