ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) စက်ဘီးစီးရန်ပုံငွေ အဖွဲ့မှ မိုင်းကိုးဆေးဖြတ်စခန်းသို့ သွားရောက်ကာ ကျပ်သိန်း(၂၀)ကျော်ဖိုးရှိ ဆန်ဆီဆားဆေးများ ထောက်ပံ့လှူဒါန်း

ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) စက်ဘီးစီးရန်ပုံငွေ အဖွဲ့မှ မိုင်းကိုးဆေးဖြတ်စခန်းသို့ သွားရောက်ကာ ကျပ်သိန်း(၂၀)ကျော်ဖိုးရှိ ဆန်ဆီဆားဆေးများ ထောက်ပံ့လှူဒါန်း
ဒီဇင်ဘာ 12, 2019
By Tachileik News Agency
ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) စက်ဘီးစီးရန်ပုံငွေ အဖွဲ့မှ မိုင်းကိုးဆေးဖြတ်စခန်းသို့ သွားရောက်ကာ ကျပ်သိန်း(၂၀)ကျော်ဖိုးရှိ ဆန်ဆီဆားဆေးများ ထောက်ပံ့လှူဒါန်း

ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) စက်ဘီးစီးရန်ပုံငွေအား အစုရှယ်ယာထည့်ဝင်ထားရာမှ တစ်နှစ်တာ ရရှိသည့် အမြတ်ငွေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုရှိ ရန်ကုန်ရွာ ဆေးဖြတ်စခန်းသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့၌ စားနပ်ရိက္ခာများ ပံ့ပိုးပေးကြောင်း သိရသည်။

“ကျွန်တော်တို့ စက်ဘီးစီးရန်ပုံငွေရှာဖွေရေးအဖွဲ့ထဲက ကျန်တဲ့ (၅)ယောက်ကတော့ ဝေးတော့မလာနိုင်တာနဲ့ ကျွန်တော်တစ်ယောက်ပါတယ်။ နောက်ရန်ပုံငွေရှာဖွေရေးမှာ ပံ့ပိုးပေးခဲ့ကြတဲ့ အထက(တာချီလိတ်) ကျောင်းသူ ကျောင်းသားအဖွဲ့ကလည်းပါတယ်။ ကျွန်တော်တို့ စက်ဘီးစီးခရီးမှာရတဲ့ ရန်ပုံငွေထဲကနေ ရန်ကုန်ရွာဆေးဖြတ်စခန်းအတွက် လိုအပ်တာတွေလှူဒါန်းထားပြီး ပိုတာကို တာချီလိတ်ကြယ်ပွင့်လေးများ ကုမ္ပဏီမှာ အစုရှယ်ယာ (၄၅)စု ထည့်ထားတာပါ။ အခုလှူတာက တစ်နှစ်စာအမြတ်ငွေကို လာလှူတာပါ။ ဒီရန်ပုံငွေက ရွှေတြိဂံဒေသဖြစ်တဲ့အတွက် ရန်ကုန်ရွာဆေးဖြတ်စခန်းအပြင် တစ်ခြားဆေးဖြတ်စခန်းတွေ ရှိရင်လည်း လာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျ”ဟု တာချီလိတ် - ပူတာအို စက်ဘီးစီး၍ ရန်ပုံငွေရှာဖွေခဲ့သည့်အဖွဲ့မှ ကိုနေဇာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျပ်(၂၀၂၅၀၀၀)ကျပ် တန်ဖိုးရှိသည့် ဆန်အိတ် (၃၀)အိတ်၊ စားသုံးဆီဗူးသေး ဖာ(၃၀)၊ ဟင်းချိုမှုန့်အထုတ်ကြီး (၂)ထုပ်၊ ဆားအထုပ်ကြီး (၅)ထုပ်၊ သွားတိုက်ဆေး (၁၀)ပါကင်၊ သွားတိုက်တံ (၇)ပါကင်၊ မဟာဖြေဆေး (၆)ပါကင် နှင့် ထွန်းရွှေဝါ (၂)ပါကင်တို့အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးဖြတ်စခန်းမှာ မိုင်းကိုးပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးကျလောက ဦးစီးဖွင့်လှစ်ထားသည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်စခန်းတစ်ခုဖြစ်ပြီး ဆေးဖြတ်လိုသူများအနေဖြင့် တစ်ဦးလျှင် တစ်လ ထိုင်းဘတ်ငွေ(၃၀၀၀)နှင့် ဆန်(၂)ပုံး သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆေးဖြတ်စခန်းတွင် မူးယစ်ဆေးဖြတ်သူများ၏ စားစရိတ်အတွက် သတ်မှတ်တောင်းခံသည့်အတိုင်း မပေးနိုင်သူများလည်းရှိကြောင်း သိရပြီး လက်ရှိတွင် အဆိုပါဆေးဖြတ်စခန်း၌ မူးယစ်ဆေးဖြတ်နေသူ (၇၅)ဦးရှိနေကြောင်း သိရသည်။

ရွှေတြိဂံဒေသတွင်းရှိ မူးယစ်ဆေးစွဲသူများအား ပြန်လည်ထူထောင်ရေးတွင် အထောက်အကူဖြစ်စေရန် ရန်ပုံငွေရှာဖွေရေးအတွက် တာချီလိတ်မြို့မှနေ၍ ကချင်ပြည်နယ် ပူတာအိုအထိ ခရီးရှည် စက်ဘီးစီးနင်း ရန်ပုံငွေရှာဖွေခြင်းကို တာချီလိတ်မှ ကိုနေဇာ( Only Biker ) နှင့် ကိုစိုင်းခမ်းရှဲန်၊ ကျိုင်းတုံမြို့ Kyaing Tong Mountain Bike Group မှ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူး၊ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးလောလူ နှင့် ဦးချူးစိန်တို့ (၇)ဦးက ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၀)ရက်နေ့အထိ စီးနင်းခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~