လားရှိုးတွင်ယာဉ်မောင်းထွက်ပြေးပြီး ကျန်ခဲ့သည့်ကားပေါ်က ဘိန်းဖြူများနှင့် လူ ၄ဦးကိုဖမ်းမိ

လားရှိုးတွင်ယာဉ်မောင်းထွက်ပြေးပြီး ကျန်ခဲ့သည့်ကားပေါ်က ဘိန်းဖြူများနှင့် လူ ၄ဦးကိုဖမ်းမိ
ဒီဇင်ဘာ 15, 2019
By Tachileik News Agency
လားရှိုးတွင် ယာဉ်မောင်းထွက်ပြေးသွားသည့် မော်တော်ယာဉ်မှ ဘိန်းဖြူများနှင့် လူ(၄)ဦးကိုဖမ်းမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း လားရှိုး - မန္တလေးလမ်းမပေါ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့ ညနေ (၄)နာရီဝန်းကျင်က ဘိန်းဖြူသယ်လာသည့် မော်တော်ယာဉ်တစ်စီးကို စစ်ဆေး တွေ့ရှိရပြီး ယာဉ်မောင်းထွက်ပြေးလွတ်မြောက်သွားသော်လည်း ယာဉ်ပေါ်လိုက်ပါလာသူ (၄)ဦးကို ဖမ်းမိထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ စဉ့်အင်း ကျေးရွာအုပ်စု၊ ပုန်းထွန်ကျေးရွာအနီး လားရှိုး - မန္တလေးလမ်းမကြီးတွင် စစ်ဆေးနေစဉ် လားရှိုးမြို့ဘက်မှ သီပေါမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးကို ရပ်တန့်ခိုင်းစဉ် ယာဉ်မောင်းမှာ မော်တော်ယာဉ်ထားခဲ့ပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ခဲ့သည့် မော်တော်ယာဉ်ပေါ်တွင် ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၂ ဒသမ ၈၉၃ ကီလို၊ ဘဏ်စာအုပ် (၁)အုပ်၊ မြန်မာငွေ ၂၅၀,၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း (၄)လုံးတို့ကို စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်ပေါ်တွင် ကျန်ခဲ့သည့် လွမ်းခေါင်၊ မဂျီဂျာအိန်း၊ မဘောက်ဆိုင်းမိုင်နှင့် ထိန်လင်းအောင်တို့ကို ထိန်းသိမ်းထားကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် မော်တော်ယာဉ်မောင်း တန်ဂွမ်း(ခ)ဝဂွမ်း(ခ)မဂွမ်းနှင့် ဖမ်းဆီးရမိထားသူ (၄)ဦးတို့ကို နောင်မွန်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~