တာချီလိတ်မြို့ ဈ မြေကွက်ဖေါ်ဆောင်ရေး ကျူးကျော်မရှင်းနိုင်၍ ကြန့်ကြာနေ

တာချီလိတ်မြို့ ဈ မြေကွက်ဖေါ်ဆောင်ရေး ကျူးကျော်မရှင်းနိုင်၍ ကြန့်ကြာနေ
နိုဝင်ဘာ 18, 2019
By 🌸
တာချီလိတ်မြို့ ဈ မြေကွက်ဖေါ်ဆောင်ရေး ကျူးကျော်မရှင်းနိုင်၍ ကြန့်ကြာနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၀ ခုနှစ်ကတည်းက စီမံကိန်းဖေါ်ဆောင်ခွင့်ရထားသည့်  မြို့ကွက်သစ်စီမံကိန်း အပိုင်း (ဈ)ကို မြေကွက်ဖေါ်ရန် အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေရာမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း မြေတိုင်းတာမှုများ လုပ်ဆောင်ခဲ့သော်လည်း ကျူးကျော်မရှင်းနိုင်၍ နိုဝင်ဘာလ (၁၈)ရက်နေ့အထိ ရပ်ဆိုင်းထားရကြောင်း သိရသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ “ဈ”မြေကွက်သစ်တွင် ဟိန်းထက်အောင်ကုမ္ပဏီက မြေကွက်များ ဖေါ်ဆောင်ပေးပြီး ကျူးကျော်နေထိုင်သူများရှိပါက မြေပေးမိန့်ရထားသည့် မြေကွက်ပိုင်ရှင်များက တရားစွဲဆို ဖယ်ရှားရန် ဖြစ်သော်လည်း မြေကွက်ဖေါ်ဆောင်ရမည့် လမ်းဧရိယာများတွင်ပါ ကျူးကျော်နေထိုင်သူများရှိနေ၍ ကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲရှိနေသည်ဟု ဆိုသည်။

"ကျူးတွေမဖယ်ပဲနဲ့ ကျွန်တော်တို့ဘက်က ဖော်လို့မရဘူး။ ဟိုနေ့က ငုတ်တိုင်သွားစိုက်တာတောင် သူတို့က အကုန်ရိုက်ချိုးပစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ ဖော်ဖို့အဆင်သင့်ပဲ။ အကုန်လုံးက ခြံတွေ ခတ်ထားပြီးသား။ ကျွန်တော်တို့ သွားလုပ်လို့မရဘူး။ ဒေသအာဏာပိုင်တွေက ဖယ်ပေးမှ ကျွန်တော်တို့ လုပ်လို့ရမှာ။ လွတ်နေတဲ့အပိုင်းလောက်ပဲ သွားဖော်လို့ မထူးဘူး။ ကျွန်တော်တို့ဘက်ကတော့ စက်တွေ ဘာတွေအကုန်ရှိတယ်။ ကျူးနေတဲ့သူတွေက တစ်နေ့တခြား ပိုပိုများလာတယ်။ မြေစာရင်းဘက်က ကောင်းကင်မြေပုံရိုက်ပြီး အကွက်တွေရှိတယ်။ ထပ်လိုက်လို့ရတယ်။ ဘယ်နေရာက လမ်းမြေဆိုတာ ပေါ်လာမယ်။ ကျွန်တော်တို့ကို ရှေးဦးမြေပေးမိန့်ပဲရှိသေးတာ။ တကယ်မြေပေးမိန့်မရှိသေးဘူး"ဟု မြေကွက်ဖေါ်ဆောင်မည့် ဟိန်းထက်အောင်ကုမ္ပဏီမှ တာဝန်ရှိသူဖြစ်သည့် ဦးထွန်းနေဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဝန်ထမ်းများအား အိမ်ရာချထားပေးရေးအတွက် အကောင်အထည်ဖေါ်မည့် မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ)ကို မြေကွက်ဖေါ်ထုတ်မည့် ဟိန်းထက်အောင်ကုမ္ပဏီနှင့် သက်ဆိုင်ရာဌာနများ ပါဝင်သည့် ကော်မတီက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် မြေယာတိုင်းတာမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ဘက်က တိုင်းပေးပြီးပြီ။ ကုမ္ပဏီဘက်က ဆက်လုပ်ဖို့ပဲ ကျန်တာ။ အကွက်တွေရိုက်ရမှာ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါမြေကွက်သစ်စီမံကိန်းနေရာတွင် ဦးစိန်မောင်၊ ဦးဇော်ဇော်ထွန်းနှင့် အဆိုပါ မြေနေရာကို မြေကွက်သစ် စီမံကိန်းအဖြစ် ခွင့်ပြုမပေးမီက မြေလွတ်မြေရိုင်း ဖေါ်ထုတ်ခွင့်ရထားခဲ့သူ ဒေါ်နန်းခမ်းတစ်တို့မှ မြေကွက် ဝယ်ယူဆောက်လုပ်ထားသည့် နေအိမ်ပေါင်း (၅၀) ကျော်ကို စက်တင်ဘာလ (၁၄)ရက်နေ့မှစ၍ တစ်လပြည့်သည့်နေ့အတွင်း ဖယ်ရှားကြရန် နို့တစ်စာများ ထုတ်ပြီးနောက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးထွန်းဝင်းအောင်ဦးဆောင်သည့် တာဝန်ရှိသူများက ခေါ်ယူတွေ့ဆုံခဲ့ကာ အဆိုပါမြေနေရာမှာ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေဖြစ်ကြောင်းကို အသိပေးခြင်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြေယာအငြင်းပွားမှုများ ဆက်လက်မဖြစ်ပေါ်ရန်အတွက် “ဈ”မြေကွက်သစ်နှင့် ပတ်သက်၍ အချင်းအချင်း ရောင်းဝယ်ခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လက်မှတ်ထိုးပေးခြင်းများ မပြုလုပ်ရန်ကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ၂၀၁၈ ခုနှစ်ကစ၍ သတိပေးမှုလုပ်ဆောင်ထားခဲ့သည်။

ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ကျိုင်းတုံမြို့က မြေလွတ်မြေရိုင်း (၉၃.၁၉) ဧကအား ဖော်ထုတ်လုပ်ကိုင်ခွင့်ရထားသူ ဒေါ်နန်းခမ်းတစ်ထံမှ လုပ်ကိုင်ခွင့် ပြန်လည် ရုပ်သိမ်းခြင်းမရှိဘဲ ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့ နေ့စွဲပါစာဖြင့် ဒေါ်နန်းခမ်းတစ်၏ လုပ်ကိုင်ခွင့်ရမြေမှ ဧက (၄၀)ပေါ်တွင် မြေယာကွက်သစ် စီမံကိန်းကို ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ “ဈ”မြေကွက်သစ်ဖေါ်ဆောင်ရာနေရာတွင် ဝင်ရောက်နေထိုင်သူများလည်းရှိနေရာ ကျူးကျော်သူများ ဖယ်ရှားပေးရေးကို မြေပေးမိန့်ရထားသူများက ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ၂၀၁၀ ခုနှစ်ကတည်းက စတင်နေခဲ့သည့် “ဈ” မြေကွက်သစ်စီမံကိန်းကို ၂၀၁၉ ခုနှစ်အထိ ပြီးပြတ်အောင် အကောင်အထည်ဖေါ်နိုင်ခြင်းမရှိဘဲဖြစ်နေပြီး ဝိန်းကျောက်ရပ်ကွက် တွင်လည်း တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ခင်ဇော်က ၂၀၀၅ ခုနှစ်က ခွင့်ပြုပေးထားခဲ့သည့် မြေကွက်သစ် (ဆ) ရှိ ပေ (၄၀ x ၆၀) မြေကွက်ပေါင်း (၁၆၀) ကျော်မှာလည်း လူနေထိုင်ခြင်းမရှိဘဲ ခြုံနွယ်များထူထပ်ကာ ကျူးကျော်နေထိုင်သူများလည်း ရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်

ဆက်စပ်သတင်း 
     #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net