ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော် ဖွင့်ပွဲညပိုင်းတွင် မီးပုံးအသေးများ ပါဝင်လွှတ်တင်နိုင်

ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော် ဖွင့်ပွဲညပိုင်းတွင် မီးပုံးအသေးများ ပါဝင်လွှတ်တင်နိုင်
နိုဝင်ဘာ 12, 2019
By 🌸



ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော် ဖွင့်ပွဲညပိုင်းတွင် မီးပုံးအသေးများ ပါဝင်လွှတ်တင်နိုင် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ် စတင်ကျင်းပမည့် ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော်ကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်းအတွင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၁၅) ရက်နေ့၌ စတင်ဖွင့်လှစ်ချိန်တွင် အပျော်တမ်းလွှတ်သည့် မီးပုံးအသေးများ ပါဝင်လွှတ်တင်နိုင်ကြမည်ဖြစ်သည်။

ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ (၁၅) ရက်နေ့မှစတင်ကာ (၃) ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး နေ့လွှတ်အရုပ်များ၊ ညမီးကြီး စိန်နားပန်များ လွှတ်တင်ကြမည်ဖြစ်သော်လည်း ဖွင့်ပွဲစတင်သည့်နေ့တွင် အပျော်တမ်းလွှတ်တင်မည့် မီးပုံးပျံအသေးများကို မည်သူမဆို ပါဝင်လွှတ်တင်နိုင်ကြရန် စီစဉ်ထားခြင်းဖြစ်သည်။

"ဖွင့်ပွဲဖဲကြိုးဖြတ်တဲ့အချိန်မှာ ပံ့သကူမီးပုံးပျံကို မှိုင်းထောင်ထားမှာပေါ့။ ဖွင့်ပွဲပြီးရင် ပံ့သကူမီးပုံးပျံလွှတ်မယ်။ ညပိုင်းမှောင်သွားတာနဲ့ မီးပုံးအသေးလေးတွေ ကျွန်တော်တို့ဆီမှာ အလုံး (၁၀၀) ရှိတယ်။ ကိုယ့်မီးပုံးနဲ့ကိုယ် လွှတ်ချင်တဲ့သူတွေကိုလည်း ဖိတ်ခေါ်ထားတယ်။ မီးပုံးအသေးလေးတွေ လွှတ်တင်မှာပေါ့။ မီးရှုးမီးပန်းတွေလည်း လွှတ်မယ်။ အဲဒါတွေကိုပြီးရင် ညမီးကြီး (၁) လုံးလွှတ်တင်မယ်"ဟု ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဖြစ်မြောက်ရေးကော်မတီ ကိုကျော်ဇော်လင်း(ကိုကြီး)က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်တန်ဆောင်တိုင် မီးပုံးပျံပွဲတွင် လက်ရှိအချိန်ထိ နေ့လွှတ်အရုပ်(၂၈)ရုပ်၊ ညမီးကြီး စိန်နားပန်(၄)လုံး လွှတ်တင်ရန် စာရင်းရရှိထားပြီး တောင်ကြီးမှ မီးပုံးပျံအဖွဲ့များကလည်း လာရောက်ပူးပေါင်းကြမည်ဖြစ်သည်။

မီးပုံးပျံပွဲတော်ကာလအတွင်း ခြင်းလုံးအလှခတ်ပြသခြင်းကို ဒေသခံ ခြင်းလုံးဝါသနာရှင်များက ဖျော်ဖြေသွားကြမည်ဖြစ်သည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်

ဆက်စပ်သတင်းများ
မီးပုံးပျံ အလုံး(၃၀)ကျော် လွှတ်တင်မည့် တာချီလိတ်မြို့၏ ပထမဆုံး ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော် အား ရှမ်းစာပေယဉ်ကျေးမှုကွင်းအတွင်း နေ့ရောညပါ (၃)ရက်တိုင်တိုင် ကျင်းပသွားမည်

တာချီလိတ်မြို့၏ ပထမဆုံး ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်အတွင်း လွှတ်တင်မည့် ပံ့သကူမီးပုံးပျံတွင် ချိတ်ဆွဲရန် ပံ့သကူအလှူများ ပါဝင်နိုင် လှူဒါန်းရန်အတွက် စာရင်းပေးနိုင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net