ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရသည့် လားရှိုးလေဆိပ်ပြန်ဖွင့်ရန် အခြေအနေစောင့်ကြည့်ဆဲ

ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရသည့် လားရှိုးလေဆိပ်ပြန်ဖွင့်ရန် အခြေအနေစောင့်ကြည့်ဆဲ
နိုဝင်ဘာ 16, 2019
By 🌸


ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရသည့် လားရှိုးလေဆိပ်ပြန်ဖွင့်ရန် အခြေအနေစောင့်ကြည့်ဆဲ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့ နံနက်ပိုင်းက လူနေရပ်ကွက်နှင့် လေယာဉ်ကွင်းအတွင်း ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် လေယာဉ်ကွင်းကို ယာယီပိတ်ထားပြီး နိုဝင်ဘာလ (၁၇)တွင်လည်း အခြေအနေစောင့်ကြည့်ရဖွယ်ရှိကြောင်း သိရသည်။

"လေကြောင်းပို့ဆောင်ရေးကနေ ပြေးလမ်းမှာ အတက်အဆင်း လုံးဝခွင့်မပြုဖို့ ညွှန်ကြားထားတယ်။ ဒေသအခြေအနေရက ယာယီပိတ်ထားဖို့ ညွှန်ကြားထားပြီး အခုလက်ရှိအချိန်ထိတော့ မနက်ဖြန်ထိ ယာယီပိတ်ထားမယ်လို့တော့ သတင်းရတယ်။ ဒီနေ့ ဒုံးတစ်ခုက လေယာဉ်ကွင်းထဲကျတယ်။ ပြေးလမ်းတစ်ခုရဲ့အစွန်မှာ ကျကွဲတယ်။ အန္တရာယ်ရှိတဲ့အတွက် လေယာဉ်ကွင်းကို ယာယီပိတ်ထားရတယ်။ ဒုံးတွေက စုစုပေါင်း (၇) ခုတွေ့တယ်။ လူနေရပ်ကွက်ထဲ ကျကွဲတာလည်း ရှိတယ်။ မကွဲဘဲ တွေ့တဲ့ ထိပ်ဖူးတွေလည်း ရှိတယ်။ ပစ်တဲ့နေရာ တောင်ပေါ်မှာ ပစ်မထွက်ဘဲ ကျန်နေခဲ့တာလည်း ရှိသေးတယ်လို့ ကနဦးသိရတယ်။ အသေးစိတ်ကတော့ အရေအတွက် အတိအကျမသိရသေးဘူး" ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၁၆)ရက်နေ့ ည (၈)နာရီ (၅၀)မိနစ်တွင် ပြောသည်။

လားရှိုးမြို့ ရပ်ကွက် (၁၁) ရှိ ပညာရေးကောလိပ်၏ နောက်ကျောဘက် ဗြုံးတောင်တစ်ခုပေါ်မှနေ၍ မြို့တွင်းသို့ ချိန်ရွယ်ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများကြောင့် ရပ်ကွက် (၉)  ခေးနင်းကျေးရွာအတွင်း ဒုံးဆံအချို့ ကျရောက်ခဲ့ပြီး လားရှိုးလေယာဉ်ကွင်းဝန်းအတွင်း၌လည်း ဒုံးတစ်လုံးကျရောက်ပေါက်ကွဲသွားခြင်းဖြစ်သည်။

[လားရှိုးမြို့  ရပ်ကွက် (၉)  ခေးနင်းကျေးရွာတွင် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှု]

လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးနှင့် ကားတစ်စီး ပျက်စီးသွားခြင်းဖြစ်သည်။

"မပေါက်ကွဲပဲတွေ့တာက ရပ်ကွက် (၉) ခေးနင်းရွာထဲမှာ  ဒုံးကျည်ဆံ စုစုပေါင်း (၅) ခုတွေ့တယ်။ ငါးကန်ထဲကျ တာက မကွဲတာ (၁)လုံး၊ လေယာဉ်ကွင်းထဲကျတာ ကွဲတာ (၁)လုံး၊ တည်ပြီးပစ်တဲ့ ဗြုံးတောင်ပေါ်မှာက ပစ်ခတ်တဲ့နေရာ စုစုပေါင်း (၁၁) နေရာရှိတယ်၊ ပစ်မထွက်ဘဲ ကျန်နေတာက (၂) လုံးတေ့ွတယ်။ အားလုံးပေါင်းရင် ဒုံးဆံ (၉) ခုတွေ့တယ်၊ ဘထ္ထရီတွေ မီးလောင်ထားတဲ့ဝါယာကြိုးတွေလည်း တွေ့တယ်။ ဗုံးရှင်းတဲ့စစ်တပ်နဲ့ သက်ဆိုင်ရာတွေတော့ အခင်းဖြစ်တဲ့နေရာတွေမှာ ရှာဖွေနေတာတွေ့တယ် " ဟု လားရှိုး မြို့ခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလားတူ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှုကို နိုဝင်ဘာလ (၉)ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဖြစ်ပွားခဲ့ပြီး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရုံးအနီး၌ ရှော့တိုက်ဒုံး (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ကာ မပေါက်ကွဲသည့် (၁)လုံးကို တွေ့ခဲ့ရခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ တပ်မတော်သင်တန်းကျောင်းများကို မဟာမိတ် (၃)ဖွဲ့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့က တိုက်ခိုက်မှုအတွင်း ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း #နေဖြိုးဖြင့်
ဓါတ်ပုံ - Lashio Mg Mg

ဆက်စပ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net