ပထမဆုံးအကြိမ်ကျင်းပသည့် တာချီလိတ် တန်ဆောင်တိုင်မီးမျှောပွဲသို့ အများပြည်သူ စည်ကားစွာ ပါဝင်ဆင်နွှဲ

ပထမဆုံးအကြိမ်ကျင်းပသည့် တာချီလိတ် တန်ဆောင်တိုင်မီးမျှောပွဲသို့ အများပြည်သူ စည်ကားစွာ ပါဝင်ဆင်နွှဲ
နိုဝင်ဘာ 11, 2019
By 🌸

ပထမဆုံးအကြိမ်ကျင်းပသည့် တာချီလိတ် တန်ဆောင်တိုင်မီးမျှောပွဲသို့ အများပြည်သူ စည်ကားစွာ ပါဝင်ဆင်နွှဲ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်ကျင်းပသည့် တန်ဆောင်တိုင်မီးမျှောပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ ညပိုင်းက ရွှေဝါနဒီပန်းခြံအတွင်း ကျင်းပရာ အများပြည်သူ စည်ကားစွာ ပါဝင်ဆင်နွှဲကြသည်ကို တွေ့ရသည်။

“ဒီပွဲကို ခရိုင်အုပ်ချုပ်ရေးမှူးရဲ့ အစီအစဉ်နဲ့ ဆောင်ရွက်ဖြစ်တာပါ။ နှစ်တိုင်း တာချီလိတ်က လူတွေက မယ်ဆိုင်ဘက် လွိုင်ကထုန်ပွဲကို သွားဆင်နွှဲနေရတော့ ကိုယ့်နိုင်ငံတွင်းက ငွေကြေးလည်း တစ်ဖက်နိုင်ငံမှာ ရောက်သွားတယ်။ ဒီတော့ ဒီဒေသတွင်းလူတွေလည်း ကိုယ့်ဆီမှာပဲ ဆင်နွှဲနိုင်အောင် ငွေကြေးလည်ပတ် စီးဆင်းတာလည်း ဒေသတွင်းမှာရှိအောင်ဆိုပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြတော့ အခုလို စည်စည်ကားကား ပွဲတော်တစ်ခုဖြစ်လာတာပါ”ဟု တာချီလိတ်တန်ဆောင်တိုင်မီးမျှောပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သည့် မဇ္ဇျိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တန်ဆောင်တိုင်မီးမျှောပွဲတွင် ဒေသတွင်း အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ Mizzima Crew အဖွဲ့၏ BBoy အက ဖျော်ဖြေမှုများ၊ ဗမာယဉ်ကျေးမှုအဖွဲ့၏ ကပြဖျော်ဖြေမှုများကို ည (၁၂)နာရီအထိ ဖျော်ဖြေပေးနေကြသည်။

တန်ဆောင်ဆိုင်မီးမျှောပွဲအတွက် လွိုင်ကထုန်းပစ္စည်းများ ရောင်းချလိုသူများအတွက်လည်း မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)လမ်းကို ညနေ (၆)နာရီကတည်း ပိတ်ထားပြီး ဆိုင်ခန်းခ အခမဲ့ဖြင့် ရောင်းချခွင့်ပေးထားခဲ့ခြင်းဖြစ်သည်။

ပထမဆုံးအကြိမ် တန်ဆောင်တိုင်မီးမျှောပွဲဖွင့်ပွဲကို ည(၇)နာရီတွင် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တာချီလိတ်စစ်ဗျူဟာအခြေချတို့မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးပြီး ပွဲတော်အတွင်း လုံခြုံရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများက ဆောင်ရွက်ပေးနေကြသည်ကို တွေ့ရသည်။

တန်ဆောင်တိုင်မီးမျှောပွဲကို တာချီလိတ်တွင် နှစ်စဉ်ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း၊ ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net