ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ
နိုဝင်ဘာ 7, 2019
By Tachileik News Agency
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ

လုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားပြုမှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးနှင့် အဂတိလိုက်စားမှုတွင် ကူညီပေးကြသည့် ဦးသန်းထိုက်စိုး (ခ) ကိုစိုး၊ ဦးစောပြည့်ငြိမ်း (ခ) စောဂျက်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒဖြေင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့က အမှုဖွင့်ထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စစ်ဆေးတွေ့ရှိချက်များအရ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိသည် အလုပ်ခေါ်စာ (Demand Letter) များကို ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ(၁၂)ခုထံမှ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေ (၅၇၄, ၃၀၀) ကို တောင်းခံရယူခြင်း၊ ပြည်ပအလုပ်အကိုင် အေဂျင်စီကုမ္ပဏီများက အလုပ်သမားအမည်စာရင်း (Name List) များ တင်ပြရာတွင် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၀၀)နှုန်းဖြင့် ကုမ္ပဏီ(၁၆)ခုထံမှ ထိုင်းဘတ်ငွေ (၃,၈၇၃,ဝဝဝ) ကို လက်ခံရယူခဲ့ကြောင်း ဖော်ပြ၍ အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်ကြားစာနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ပြည်တွင်းတွင် တိုင်ကြားသူကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သက်သေများ စစ်ဆေးခြင်း၊ စာရွက်စာတမ်း အထောက်အထား သိမ်းဆည်းခြင်း၊ မြန်မာနိုင်ငံဗဟိုဘဏ်မှ စာရင်းများကို တောင်းခံရယူ စစ်ဆေးခြင်းနှင့် တိုင်ကြားစာပါကိစ္စမှာ မြန်မာနိုင်ငံသားက ပြည်ပတွင် ကျူးလွန်သည့်ကိစ္စ ဖြစ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ပြီး သက်သေများ စစ်ဆေးခြင်း၊ ထိုင်းနိုင်ငံရှိ ဘဏ်တစ်ခုမှ ဘဏ်စာရင်းများ တောင်းခံရယူခြင်းတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ကော်မရှင်က ဖော်ပြထားချက်အရ သိရသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ ထိုင်းနိုင်ငံ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားသံရုံး၌ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ သြဂုတ်လ (၁၆)ရက်နေ့အထိ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း အလုပ်ခေါ်စာ Demand Letter များကို ပြည်ပ အလုပ်အကိုင်အေဂျင်စီကုမ္ပဏီများက တင်ပြရာတွင် ခွင့်ပြုမိန့် အမြန် လက်မှတ်ရေးထိုးပေးရန်အတွက် ကုမ္ပဏီများထံမှ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေများကို တောင်းခံရယူခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံအလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးသည် ပြည်ပအလုပ်အကိုင် အေဂျင်စီကုမ္ပဏီများက အလုပ်သမားအမည်စာရင်း (Name List) များကို တင်ပြရာတွင် အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၀၀)နှုန်း ကောက်ခံရာတွင် ကုမ္ပဏီများထံမှ ငွေကြေးလက်ခံခြင်းကို ဒေသခန့်ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက်အပါအဝင်၎င်းက တာဝန်ပေးအပ်ထားသည့် အရပ်သား တချို့ထံမှတစ်ဆင့် လက်ခံရယူခဲ့သည်ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net