တာချီလိတ်မြို့ အပိုင်း(ဈ)အနီး ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ထံမှ မြေကွက်ဝယ်ယူထားသူများ ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးသို့ လာရောက်ကာ ဒီဇင်ဘာ (၅) ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရန် လိုအပ်

တာချီလိတ်မြို့ အပိုင်း(ဈ)အနီး ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ထံမှ မြေကွက်ဝယ်ယူထားသူများ ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးသို့ လာရောက်ကာ ဒီဇင်ဘာ (၅) ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရန် လိုအပ်
နိုဝင်ဘာ 28, 2019
By Tachileik News Agency
 တာချီလိတ်မြို့ အပိုင်း(ဈ)အနီး   ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ထံမှ မြေကွက်ဝယ်ယူထားသူများ ဆန်ဆိုင်း(ခ)ရပ်ကွက်ရုံးသို့ လာရောက်ကာ ဒီဇင်ဘာ (၅) ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရန် လိုအပ်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း မြို့ကွက်သစ် အပိုင်း(ဈ)အနီးတွင် ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ ရောင်းချထားသည့် မြေကွက်ဝယ်ယူထားသူများအနေဖြင့် ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်  ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၅) ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းရန် ကြေညာထားသည်။

"ဦးဇော်ဇော်ထွန်းနဲ့ ဦးစိန်မောင်တို့က အရင်တုန်းက အကျိုးတူဝယ်ထားကြတာ။ လက်ရှိ ဦးစိန်မောင်ရဲ့သားက ဖြူးမြို့ဘက်က ရောက်လာပြီးတော့ သူ့အဖေဘက်က ရောင်းထားခဲ့လို့ရှိရင် ညှိနှိုင်းပြီး ဘယ်လို လုပ်ပေးလို့ ရမလဲ။ သူတို့ဘက်က ဘယ်လိုကူညီပေးလို့ ရမလဲပေါ့။ ဝယ်ထားတဲ့သူတွေရှိရင် စာရွက်စာတမ်းတွေ ယူလာခဲ့ပြီးတော့ သူ့အဖေ(ဦးစိန်မောင်) ရောင်းခဲ့တာမှန်လား၊ မမှန်လား အဲဒါလေးတွေကြည့်ပြီးတော့ ကူညီပေးမယ်၊ လုပ်ပေးမယ်ပြောတယ်"ဟု တာချီလိတ်မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် (၉)နှစ်ကြာသည်အထိ အကောင်အထည် မပေါ်နိုင်သေးသည့် ဈ မြေကွက်သစ်နှင့် ဆက်စပ်နေသည့် မြေဧက (၂၀)တွင် မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ရထားခဲ့သည့် ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့က မြေကွက်ရိုက်၍ ရောင်းချထားခဲ့ရာ ဝယ်ယူထားသူဦးရေ (၁၀၀)ကျော်ဝန်းကျင်ရှိသည်ဟု သိရသည်။

"ကျွန်တော်တို့ဆီကို လာတင်တဲ့သူ(၂၀)လောက် ရှိပြီ။ ရောင်းထားတဲ့သူက (၁၀၀) ကျော်လောက် ရှိတယ်ကြားတယ်။ အချိန်မမီလောက်တော့ ရက်ထပ်တိုးပေးဖို့ မြို့နယ်ကို စာထပ်တင်ဖို့ရှိတယ်"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ မြေကွက်ဝယ်ယူထားကြသူများအနေဖြင့် ဝယ်ယူထားသူကိုယ်တိုင် အရောင်းအဝယ် မူရင်းစာချုပ်ပြသပြီး အရောင်းအဝယ်စာချုပ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယား၊ သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့်အတူ ဆန်ဆိုင်း(ခ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ့မှ ဒီဇင်ဘာ (၅) ရက်နေ့အထိ နံနက် (၁၀) နာရီမှ နေ့လယ်(၂) နာရီအထိ လာရောက် စာရင်းပေးသွင်းရန် ကြေညာထားခြင်းဖြစ်သည်။

မြေလွှတ်မြေရိုင်းဥပဒေဖြင့် ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့အား ဧက (၂၀) ကိုလုပ်ပိုင်ခွင့် ချထားပေးခဲ့ပြီးနောက် အကွက်ဖော်ရောင်းချမှုများပြုလုပ်ခဲ့ပြီးနောက် ဦးဇော်ဇော်ထွန်းက ၎င်းအမည်ဖြင့် ရောင်းချထားသည့် မြေကွက်များတွင် လမ်းနှင့် ရေမြောင်းများဖော်ဆောင်ရန်အတွက် မြေတစ်ကွက်လျှင် ဘတ်ငွေ (၁၀,၀၀၀) နှုန်းကို စာချုပ်စာတမ်းများဖြင့် ထပ်မံကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရောင်းချထားသော်လည်း လက်ရှိအချိန်ထိ မြေကွက်ဖေါ်နိုင်ခြင်းမရှိသေးသဖြင့် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့ ရက်စွဲပါ စာအမှတ် ၄/၃၂-၇/ဦး ၆(၂၆၇၀)ဖြင့် ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ပေးပို့သည့်စာတွင် ဦးစိန်မောင်+ဦးဇော်ဇော်ထွန်းတို့၏ မြေဧရိယာ (၂၀.၀၀) ဧကအတွင်း တရားဝင် ဝယ်ယူထားသူများ၏ စာရင်းအမှန်အား ကောက်ခံ၍ (၅-၁၂-၂၀၁၉) ရက်နေ့အရောက် ပြုစုတင်ပြရန် ပထမအကြိမ် နှိုးဆော်အကြောင်းကြားပါသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်း



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~