တရားခံပြေး ဦးစိုးထွန်းရှိန်ကို ထိုင်းဘက်က ဖမ်းဆီးပေး

တရားခံပြေး ဦးစိုးထွန်းရှိန်ကို ထိုင်းဘက်က ဖမ်းဆီးပေး
နိုဝင်ဘာ 6, 2019
By Tachileik News Agency

တာချီလိတ်လေဆိပ်တွင်၎င်းအား ထီးများဖြင့် မိုးကာ ကာရံပြီး လေဆိပ်ပေါ်သို့ ပို့ဆောင်စဉ်

ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့တွင် ထိုင်းနိုင်ငံက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှတစ်ဆင့် လွှဲပြောင်းပေးလာရာ တာချီလိတ်ဘက်သို့ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းဘက်မှ မြန်မာတရားခံပြေး ပထမဆုံးအကြိမ် လွှဲပြောင်းပေးလာခြင်းဖြစ်သည်။

“စိုးထွန်းရှိန်ကို လွှဲပြောင်းပေးလိုက်ပါပြီ။ ထိုင်းဘက်က ဖမ်းဆီးလွှဲပြောင်းပေးလာတာပါ။ ဒီနှစ်အတွင်းမှာ တာချီလိတ်ဘက်ကို ထိုင်းဘက်က မြန်မာတရားခံပြေး ပထမဆုံး လွှဲပြောင်းပေးတာပါ”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၆)ရက်နေ့ ညနေပိုင်းက ပြောသည်။

ဦးစိုးထွန်းရှိန်အား နေ့လယ် (၁၂)နာရီကျော်တွင် ထိုင်းနို်င်ငံ မယ်ဆိုင်မြို့ဘက်မှ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) သို့ မော်တော်ယာဉ်များဖြင့် ခေါ်ဆောင်လာခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့ဦးစီးသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေးတင်းကြပ်စွာဖြင့် တာချီလိတ်လေဆိပ်မှ မန္တလေးသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်မှ အလိုရှိ တရားခံပြေးများ မကြာခဏ ဖမ်းဆီးရမိပြီး ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးမှုများ မကြာခဏတွေ့ရသော်လည်း တာချီလိတ်ဘက်မှ အလိုရှိတရားခံများ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေမှုများကို ပြန်လည်လွှဲပြောင်းပေးမှု နည်းပါးသည်။

ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧက (၆၀၀၀) ကျော်တွင် ရွှေလုပ်ကွက်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်သို့ ပေးသွင်းရမည့် သတ်မှတ် ရွှေပိဿချိန်များအား ပေးဆောင်ခြင်းမပြုသည့်အပြင် ရွှေတူးဖော်ခြင်း ဆက်လက်လုပ်ကိုင်သဖြင့် ရမည်းသင်းမြို့မရဲစခန်းတွင် (ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

အဆိုပါအမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးများဖြစ်သည့် စိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားပေးကြရန် ၂၀၁၉ ခုနှစ် မတ်လအတွင်း ရဲတပ်ဖွဲ့က ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်းများ

  1. ထိုင်းနိုင်ငံသို့ ထွက်ပြေးနေသည့် တရားခံပြေး ကြေညာခံထားရသူ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို တာချီလိတ်သို့ ဖမ်းဆီးခေါ်ဆောင်လာပြီ
  1. ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် ဦးစိုးထွန်းရှိန်ကို တာချီလိတ်မှ တဆင့် မန္တလေးသို့ လေကြောင်းဖြင့် ပို့ဆောင်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net