လူသတ်မှုတွင် ပါဝင်ပတ်သက်မှုအပြင် မူးယစ်မှုတို့ဖြင့် ထောင်ဒဏ်(၂၅)နှစ်ကျခံရမည့် ထိုင်းနိုင်ငံသား လျှော့ရက်များဖြင့် (၈)နှစ်အကျော်တွင် ပြန်လွတ်လာ

လူသတ်မှုတွင် ပါဝင်ပတ်သက်မှုအပြင် မူးယစ်မှုတို့ဖြင့် ထောင်ဒဏ်(၂၅)နှစ်ကျခံရမည့် ထိုင်းနိုင်ငံသား လျှော့ရက်များဖြင့် (၈)နှစ်အကျော်တွင် ပြန်လွတ်လာ
နိုဝင်ဘာ 22, 2019
By Tachileik News Agency
လူသတ်မှုတွင် ပါဝင်ပတ်သက်မှုအပြင် မူးယစ်မှုတို့ဖြင့်   ထောင်ဒဏ်(၂၅)နှစ်ကျခံရမည့် 
ထိုင်းနိုင်ငံသား လျှော့ရက်များဖြင့် (၈)နှစ်အကျော်တွင်  ပြန်လွတ်လာ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဖမ်းဆီးရမိပြီး မူးယစ်ဆေးမှု၊ လူသတ်မှုတို့ဖြင့် ထောင်ဒဏ် (၂၅)နှစ် ကျခံရမည့် ထိုင်းနိုင်ငံသားတစ်ဦး လျှော့ရက် (၁၅)နှစ်ကျော် ခံစားခွင့်ကြောင့် ပြစ်ဒဏ်စေ့ပြီဖြစ်၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့၌ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသား အိတ်ထိဖတ်(တ်)ဖွန်ကို ၂၀၁၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့က တာချီလိတ်မြို့ရှိ ဟိုတယ်တစ်ခုတွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရှာဖွေမှုအတွင်း စိတ်ကြွဆေးပြား (၃၀)နှင့်အတူ ဖမ်းဆီးရမိသည့်အပြင် ဆက်လက် စစ်ဆေးချက်အရ သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံသား အိုက်လ အသတ်ခံရမှုတွင် ပါဝင်ပတ်သက်မှုတို့ဖြင့်  အရေးယူခံခဲ့ရခြင်းဖြစ်သည်။

အိတ်ထိဖတ်(တ်)ဖွန်သည် ပြစ်မှုထင်ရှားသဖြင့် ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် (၂၅)နှစ် ပြစ်ဒဏ်ကျခံနေရစဉ်အတွင်း ၂၀၁၁ ခုနှစ်၊ မေလ (၁၆)ရက်နေ့က နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၂၈/၂၀၁၁)၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့က နိုင်ငံတော်သမ္မတရုံး၏အမိန့်အမှတ် (၁/၂၀၁၂)နှင့် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့က နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် (၁/၂၀၁၄)တို့အရ ပြစ်ဒဏ်လျှော့ရက်အသီးသီးအပါအဝင် လျှော့ရက်ခံစားခွင့် (၁၅)နှစ်၊ (၄)လနှင့် (၂၈)ရက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံအကျဉ်းထောင်တွင် စုစုပေါင်း ပြစ်ဒဏ်ကျခံကာလ (၈)နှစ်၊ (၉)လနှင့် (၁၈)ရက်ကျခံပြီးနောက် နိုဝင်ဘာလ (၂၂)ရက်နေ့၌ ပြစ်ဒဏ်စေ့ပြီဖြစ်၍ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)မှနေ၍ ပြည်နှင်ဒဏ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်နှင်ဒဏ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ(၆) က ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူများက ပြည်နှင်ဒဏ်ပေးခံရသည့် ထိုင်းနိုင်ငံသားကို လာရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net