တာချီလိတ်တွင် ပျောက်နေသည့် ဆိုင်ကယ်တက္ကစီသမားကို သတ်ခံထားလျက်ဖြင့် အလောင်းပြန်တွေ့

တာချီလိတ်တွင် ပျောက်နေသည့် ဆိုင်ကယ်တက္ကစီသမားကို သတ်ခံထားလျက်ဖြင့် အလောင်းပြန်တွေ့
နိုဝင်ဘာ 12, 2019
By Tachileik News Agency
တာချီလိတ်တွင် ပျောက်နေသည့် ဆိုင်ကယ်တက္ကစီသမားကို သတ်ခံထားလျက်ဖြင့် အလောင်းပြန်တွေ့

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ခရီးသည်က ငှါးရမ်း ခေါ်ဆောင်သွားရာမှ ပျောက်ဆုံးနေသည့် ဆိုင်ကယ်တက္ကစီသမားကို (၇)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့၌ အလောင်းပြန်လည်တွေ့ရှိပြီး ဆိုင်ကယ်ပျောက်ဆုံးနေကြောင်း သိရသည်။

“လွန်ခဲ့တဲ့ (၄၅)မိနစ်လောက်က ဟောင်လိတ်သင်္ချိုင်းနားလေးက လမ်းဘေး ကိုင်းတောထဲက အလောင်းပြန်တွေ့ရတယ်။ ကိုင်းတောထဲက အနံ့အသက်တွေရလို့ဆိုပြီး လမ်းသွားလမ်းလာက ကြည့်တော့ ဆိုင်ကယ်တက္ကစီအသင်းနံပါတ်နဲ့ လူတစ်ဦး အလောင်းကို တွေ့တယ်။ စခန်းမှူးကို လှမ်းဖုန်းဆက်လို့ သွားစစ်ဆေးကြတော့ ဆိုင်ကယ်တော့ မတွေ့ရဘူး။ ဆေးရုံကို သယ်လာပြီး စစ်ဆေးနေဆဲပဲရှိပါသေးတယ်။ ဘယ်လိုလက်နက်နဲ့ သတ်သွားတယ်ဆိုတာ အတည်ပြုပေးလို့ မရသေးဘူး”ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေ (၆)နာရီ မိနစ်(၂၀)တွင် ပြောသည်။

တာချီလိတ်မြို့ ပါလျှံ(၃)ဈေးထိပ်ရှိ အာရုဏ်ဦးဂိတ်တွင် ဆိုင်ကယ်တက္ကစီ ပို့ဆောင်ပေးနေသည့် ရွှေတာချီလူမှုကူညီရေးအသင်း၏ ရွှေတာချီခရီးသွားလုပ်ငန်းမှ အသက် (၄၉) နှစ်အရွယ် ဦးလှခိုင်မှာ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့ ည (၁၀) နာရီအချိန်တွင် ခရီးသည်တစ်ဦးဖြင့် ဂိတ်မှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အာရုဏ်ဦးဂိတ်မှာ သူတို့နှစ်ယောက်ရှိနေတဲ့အချိန် ခရီးသည်လာခေါ်လို့ လိုက်သွားတယ်လို့ သိရတယ်။ နောက်နေ့ မနက်ထိ ပြန်မလာတော့ သူ အိမ်တစ်ခါထဲ ပြန်သွားတာလားနဲ့ စုံစမ်းတော့မှ ပြန်ရောက်မလာတာ သိရတာ”ဟု ရွှေတာချီလူမှုကူညီရေးအသင်း၏ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးသိန်းမင်းမြတ်က ပြောသည်။

ဦးလှခိုင် ပျောက်ဆုံးနေကြောင်းကို နိုဝင်ဘာလ (၇)ရက်နေ့တွင်၎င်း၏ မိသားစုနှင့် ရွှေတာချီ လူမှုကူညီရေးအသင်းတို့က လူပျောက်ကြော်ငြာခဲ့ကြသည်ကို တွေ့ရသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင်  (ပ)၆၂၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄(လူသတ်မှု၊ လုယက်မှုကျူးလွန်ရာတွင် မိမိအလိုလျောက် နာကျင်စေမှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်းသိရှိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ရွှေတာချီလူမှုကူညီရေးအသင်း၏ ရွှေတာချီခရီးသွားလုပ်ငန်းမှ နေ့ပိုင်း၊ ညပိုင်း ဆိုင်ကယ်တက္ကစီပြေးဆွဲနေသူများအား အသင်းဝင်နံပါတ်ပါသည့်အင်္ကျီ များဝတ်ဆင်စေကာ ညပိုင်းတွင် လုံခြုံရေးအတွက် ည (၈)နာရီထက်ကျော်၍ ပြေးဆွဲခြင်းမပြုရန် အသင်းက သတိပေးထားသည်ဟု သိရသည်။

“တက္ကစီမောင်းတဲ့သူတွေ လုံခြုံရေးအတွက် ဂိတ်မှာ ခရီးသည်နဲ့ တစ်ယောက်ထွက်သွားပြီဆိုရင် အချင်းချင်း သတိထားကြဖို့ ညပိုင်း (၈)နာရီထက်ပိုပြီး မဆွဲကြဖို့တော့ သတိပေးပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးဆိုတော့ လုပ်ကြတာပေါ့”ဟု ရွှေတာချီလူမှုကူညီရေးအသင်း၏ ဘဏ္ဍာရေးမှူးဖြစ်သူ ဦးသိန်းမင်းမြတ်က ပြောသည်။

ရွှေတာချီခရီးသွားလုပ်ငန်းမှ အသင်းဝင် ဆိုင်ကယ်တက္ကစီသမားတစ်ဦးကို ခရီးသည်တစ်ဦးက ငှါးရမ်းခေါ်ဆောင်သွားပြီး နောက်မှနေ၍ လည်ပင်းကို ဂက်စ်သေနတ်ဖြင့်ပစ်ကာ ဆိုင်ကယ်ယူဆောင်သွားမှု ၂၀၁၈ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့ဖူးပြီး ပြစ်မှုကျူးလွန်သူက ရွှေဆိုင်ဓားပြဝင်တိုက်ချိန်တွင် လုယူသွားခဲ့သည့် ဆိုင်ကယ်ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net