တာချီလိတ်မြို့ ရွှေတိဂုံအဆင်းရှိ မြို့မီးလင်းရေးရုံးအား ရီဂျီနားဟိုတယ်အနီး ရုံးခန်းသစ်နေရာသို့ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ပြောင်းရွေ့မည်

တာချီလိတ်မြို့ ရွှေတိဂုံအဆင်းရှိ မြို့မီးလင်းရေးရုံးအား ရီဂျီနားဟိုတယ်အနီး ရုံးခန်းသစ်နေရာသို့ ဒီဇင်ဘာလ(၁)ရက်နေ့တွင် ပြောင်းရွေ့မည်
နိုဝင်ဘာ 28, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း၌ ဖွင့်လှစ်ထားသည့် မြို့မီးလင်းရေးရုံးကို ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာအနီး နှင့် ရီဂျီနားဟိုတယ်ဘေးရှိ ရုံးခန်းသစ်နေရာသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့ကစ၍ စတင်ပြောင်းရွှေ့မည်ဖြစ်ပြီး ဒီဇင်ဘာလ (၂)ရက်နေ့မှစ၍ ရုံးခန်းသစ်၌ လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မီတာခဆောင်ခြင်း၊ မီတာတပ်ဆင်ခြင်း အပါအဝင် မြို့မီးလင်းရေးရုံး(၁)တွင် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများနှင့် မြို့မီးလင်းရေးကော်မတီ၏ လုပ်ငန်းဆောင်တာများကို ရီဂျီနားဟိုတယ်အနီးရှိ မြေနေရာ၌ အသစ်ဆောက်လုပ်ထားသည့် ရုံးခန်းသစ်တွင် ဆောင်ရွက်ပေးသွားတော့မည်ဖြစ်ကြောင်း နှင့် တာဝေမီးစက်ဝန်းအတွင်းရှိ မီးလင်းရေးရုံးခွဲသည် ယခင်အတိုင်း လက်ရှိနေရာတွင် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့မီးလင်းရေးကော်မတီကို ဒေသအုပ်ချုပ်ရေးဆိုင်ရာများဖြင့် ဖွဲ့စည်းဆောင်ရွက်လာခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့မှစပြီး ဌာနဆိုင်ရာများ မပါဝင်ဘဲ မြို့မိမြိုဖ မြို့လူထုသာပါဝင်သည့် ကော်မတီအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ အသစ်ပြန်လည်ဖွဲ့စည်းလာခြင်းဖြစ်သည်။

 မြို့မီးလင်းရေးကော်မတီဝင်သစ်များ

လက်ရှိတာဝန်ယူထားသည့် မြို့မီးလင်းရေးကော်မတီတွင် နာယကများအဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် မြို့မိမြို့ဖ ဦးဝန်းယုံးတို့က ဆောင်ရွက်ပြီး ဥက္ကဌအဖြစ် ဦးတင်လှိုင်(အဆွေတော်)၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းအုန်းကျော်(မြေစာရင်း-ငြိမ်း)၊ အဖွဲ့ဝင်များအဖြစ်  ဦးစိုင်းလုံမား(မြို့မိမြို့ဖ)၊ ဦးမင်းနိုင်(မီးလင်းရေးရုံးခွဲ အဖွဲ့(၂)၊ ဦးစိုင်းဆမ်ဆု (အင်ဂျင်နီယာ၊မြို့ပြ)၊ ဒေါ်စုစန္ဒာဝင်း(ဥပဒေပညာရှင်)၊ ဦးဟန်ဝင်းအောင်(လျှပ်စစ်အင်ဂျင်နီယာ)၊ ဦးမြင့်သိန်း(ရဲအုပ်ငြိမ်း)၊ ဦးစိုင်းဘုန်းမြတ်( M&E သင်တန်းဆင်း)၊ ဦးစိုင်းလုံဟောင်(ရပ်မိရပ်ဖ)၊ ဦးသိန်းညွှန့်(ဟုတ်တက်တရုတ်ဘုံကျောင်း)၊ ဦးအားလယ် (အာခါစာပေနှင့် ယဉ်ကျေးမှု)၊ ဦးရဲထွန်းသိန်း(တိုးတက်ဟိန်း ဆောက်လုပ်ရေးကုမ္ပဏီ)တို့ ပါဝင်ခြင်းဖြစ်သည်။

တာချီလိတ်မြို့ မီးလင်းရေးကော်မတီသည် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ဝယ်ယူရာတွင် ကြားခံအဖြစ် ဆောင်ရွက်ပေးသည့် ထိုင်း Allure ကုမ္ပဏီအား တစ်ယူနစ်လျှင် (၁) ဘတ်နှုန်းပေးရပြီး မြို့လူထုသို့ တစ်ဆင့်ပြန်လည်ရောင်းချပြီး ရရှိသည့်အမြတ်ငွေဖြင့် မီးလင်းရေးကော်မတီလုပ်ငန်းလည်ပတ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေသို့ ထည့်သွင်းရန် အသုံးပြုနေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို တာချီလိတ်မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုများသို့  ဖြန့်ဖြူးပေးဝေနေခြင်း  ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ဆက်စပ်သတင်း

ဒေသခံများဖြင့် အသစ် ပြန်လည်ဖွဲ့စည်းလိုက်သည့် တာချီလိတ်မြို့မီးလင်းရေးကော်မတီသစ် လုပ်ငန်းတာဝန်များ လွှဲပြောင်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~