ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုမိန်းရွာအနီး TNLA အဖွဲ့၏ လက်နက်ခဲယမ်း သိုဝှက်ရာနေရာ ၃ နေရာကို တပ်မတော်က တွေ့ရှိ သိမ်းဆည်းထား

ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုမိန်းရွာအနီး TNLA အဖွဲ့၏ လက်နက်ခဲယမ်း သိုဝှက်ရာနေရာ ၃ နေရာကို တပ်မတော်က တွေ့ရှိ သိမ်းဆည်းထား
နိုဝင်ဘာ 23, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာအနီး၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့ တွင် TNLA ၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းပြီး ကျောက်မဲ၊ သီပေါနှင့် နမ့်ဆန်တစ်ဝိုက်ရှိ   TNLA စခန်း ပေါင်း (၄၁)ခုအား သိမ်းပိုက်ထားပြီးဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ဟူးခင်ကျေးရွာအုပ်စုရှိ ဟိုမိန်းကျေးရွာအနီး TNLA က လက်နက်၊ ခဲယမ်းများ သိမ်းဆည်း သိုဝှက်ထားသည့် နေရာ (၃) နေရာအား ရှာဖွေဖော်ထုတ်တွေ့ရှိခဲ့ပြီး ပထမနေရာမှ  FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် (၁) လက်၊ လက်ပစ်ဗုံး (၃၇) လုံး၊ TNLA ယူနီဖောင်းမျိုးစုံ ထည့်ထားသည့် အိတ်အကြီး (၇၇) အိတ်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်ခဲယမ်းဝှက်ထားသည့် ဒုတိယနေရာတွင် အမ်(၂၂)သေနတ် (၃၉) လက်၊ K-12 သေနတ် (၆၉) လက်၊ အမ်(၁၆)သေနတ် (၉) လက်၊ စက်သေနတ်အလတ်စား (၂၉) လက်၊ အာရ်ပီဂျီ(၇) (၁၆) လက်၊ အာရ်ပီဂျီ(၂) (၅) လက်၊ ၁၂ ဗို့ဆလိုက် (၂) လက်တို့ကို သိမ်းဆည်းရမိပြီး တတိယနေရာတွင် ၇.၆၂ မီလီမီတာ ကျည် (၄၃၁၆၀) တောင့်၊ ဒသမ ၅ ကျည် (၃၀၀၀)တောင့်၊ အမ်(၂၂) ကျည် (၁၀၅) တောင့်၊ အမ်(၂၂) ကျည်အိမ် (၁၄၀၀) ခု၊ ယမ်းပျော့ (၂၀) ပုံး၊ လက်ပစ်ဗုံး (၈၄၃) လုံး၊ ၆၀ မမဗုံးသီး (၉၈) လုံး၊ ၆၀ မမထိပ်ဖူး (၉၀) လုံး၊ ၄၀ မမဗုံးသီး (၁၄၈) လုံး၊ အားမြှင့်ယမ်းဗူး (၈၈၅) ဗူးတို့ကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်က အပစ်အခတ်ရပ်စဲစဉ်ကာလအတွင်း ကျောက်မဲ၊ သီပေါ၊ နမ့်ဆန် ဝန်းကျင်တစ်ဝိုက်၌ TNLA က တပ်စခန်း (၇၈) ခု တိုးချဲ့ခဲ့သည့်အနက် စခန်းပေါင်း (၄၁) ခုအား တပ်မတော်က သိမ်းပိုက်ထားပြီးဖြစ်သည်ဟု နိုဝင်ဘာလ (၂၃) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တပ်မတော်က စစ်တိုင်းဒေသကြီး (၅)ခုဖြစ်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့မှစ၍  ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းခြင်းကို (၄)ကြိမ်တိုင်တိုင် သက်တမ်းထပ်တိုးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net