ထိုင်းနိုင်ငံသို့ ထွက်ပြေးနေသည့် တရားခံပြေး ကြေညာခံထားရသူ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို တာချီလိတ်သို့ ဖမ်းဆီးခေါ်ဆောင်လာပြီ

ထိုင်းနိုင်ငံသို့ ထွက်ပြေးနေသည့် တရားခံပြေး ကြေညာခံထားရသူ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို တာချီလိတ်သို့ ဖမ်းဆီးခေါ်ဆောင်လာပြီ
နိုဝင်ဘာ 6, 2019
By Tachileik News Agency

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားခံပြေး အဖြစ် ကြေညာထားပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှတစ်ဆင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ် (၁၂)နာရီကျော်တွင် ခေါ်ဆောင်လာပြီဖြစ်သည်။

ဦးစိုးထွန်းရှိန်အား ခေါ်ဆောင်လာသည့် မော်တော်ယာဉ် (၂)စီးကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ခေါ်ဆောင်လာချိန်တွင် ချစ်ကြည်ရေးတံတား၏ တာချီလိတ်ဘက်ခြမ်း၌ အသင့်စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ကားများ လိုက်ပါလျက် တာချီလိတ်လေဆိပ်သို့ မောင်းနှင်သွားကြခြင်းဖြစ်ပြီး လမ်းတလျှောက်တွင်လည်း လုံခြုံရေးယူထားသည်ကို တာချီလိတ်သတင်းအေဂျင်စီမှ သတင်းရယူစဉ်အတွင်း တွေ့ခဲ့ရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ကြေညာထားသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၌တွေ့ရကြောင်း Myanmar Nowသတင်းဌာန က ဖော်ပြပြီးနောက်၎င်းအားရှာဖွေဖမ်းဆီးရန် မြန်မာရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိများသည် ထိုင်းနိုင်ငံသို့ သွားမည်ဟု သမ္မတရုံး ပြောခွင့်ရအရာရှိက ပြောကြားထားခြင်းဖြစ်သည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧက (၆၀၀၀) ကျော်တွင် ရွှေလုပ်ကွက်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်သို့ ပေးသွင်းရမည့် သတ်မှတ်ရွှေပိဿါများ မပေးဆောင်သည့်အပြင် ရွှေတူးဖော်မှုကို တရားမဝင်ဆက်လက်လုပ်ကိုင်နေသဖြင့် သတ္တုတွင်းဥပဒေအပြင် ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုတို့ဖြင့်ပါ အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့မရဲစခန်း(ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးများဖြစ်သည့် စိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားပေးကြရန် ၂၀၁၉ ခုနှစ် မတ်လအတွင်းက ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်

ဆက်စပ်သတင်းများထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် ဦးစိုးထွန်းရှိန်ကို တာချီလိတ်မှ တဆင့် မန္တလေးသို့ လေကြောင်းဖြင့် ပို့ဆောင်


 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net