မန္တလေးရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်က ဒေါ်လာ ၃သိန်း ထပ်မံကူညီ

မန္တလေးရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်က ဒေါ်လာ ၃သိန်း ထပ်မံကူညီ
နိုဝင်ဘာ 8, 2019
By Tachileik News Agency

မန္တလေးမြို့ရှိ ရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာသုံးသိန်း ဆက်လက်ကူညီမည်ဖြစ်၍ ကူညီမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ (၁.၁)သန်း ရှိသွားပြီ ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အဆိုပါ ကူညီပံ့ပိုးမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး သံအမတ်ကြီးများရန်ပုံငွေ အစီအစဉ်က တစ်ဆင့် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ကြွယ်ဝလှတဲ့ ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်တွေကို ကျွန်တော်တို့ လေးစားတန်ဖိုးထားပါတယ်။ ဒီသမိုင်းဝင် ကျောင်းတော်ကြီး ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက အကူအညီပေးတာဟာ ဒေသခံပြည်သူတွေအတွက် အကျိုးရှိသလို ခရီးသွားဧည့်သည်တွေအတွက်လည်း ဒီအရေးပါလှတဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံကို ဆက်လက်ပြီး ကြည့်ရှုလေ့လာ ခံစားနိုင်ဖို့အတွက် အထောက်အကူပြုမှာ သေချာပါတယ်”ဟု စီမံကိန်းနှင့် ပတ်သက်၍ သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားထားသည်။

အမေရိကန်ပြည်ထောင်စု၏ အကူအညီဖြင့် ကမာ္ဘတစ်ဝန်းရှိ ယဉ်ကျေးမှုလက်ရာများကို ပြုပြင်ထိန်းသိမ်းပေးနေသော အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမာ္ဘ့ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့နှင့်အတူ ဒေသခံလက်မှုပညာရှင်များဖြင့် ရွှေနန်းတော်ကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းကို ၂၀၁၄ ခုနှစ်ကတည်းက စတင်လာခြင်းဖြစ်သည်ဟု သိရသည်။

ကျောင်းဆောင်ပြုပြင်ရေးအတွက် အဆောက်အအုံကြီးတစ်ခုလုံးကို သုတေသန ပြုလုပ်ခြင်းနှင့် အကဲဖြတ်ခြင်း ပြုလုပ်ပြီးနောက် ပျက်စီးယိုယွင်းနေမှုများ ရပ်တန့်စေရန်အတွက် အရေးပေါ်ပြုပြင်ခြင်း၊ ရေစီးရေလာ ရေဆင်း ကောင်းမွန်ရေး၊ လှေကားအုံကြီးအားပြုပြင်ခြင်း၊ ကျွန်းသစ်နေရာများတွင် ပျဉ်းကတိုးဖြင့် မူလက ဆောက်လုပ်ထားသည့်အတိုင်း အစားထိုးခြင်း၊ အလှဆင်ထားသောအနုပညာလက်ရာများအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် အစားထိုးပြင်ဆင်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နခြေင်းဖြစ်ကြောင်း သိရသည်။

ရွှေနန်းတော်ကျောင်းကြီးသည် မန္တလေးမှန်နန်းတော်ကြီး၏ မြောက်နန်းဆောင်ဖြစ်ခဲ့ပြီး ၁၉ ရာစုနှစ် ကုန်းဘောင်နန်းတော်ခေတ်တွင် ခန်းဆောင်သက်သက်ဖြစ်ခဲ့ကာ ဒုတိယကမာ္ဘစစ်အတွင်း မပျက်စီးဘဲ ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းတုန်းမင်းတရားကြီး တည်ဆောက်ခဲ့သည့် မူလနန်းဆောင်ကို သားတော် သီပေါမင်းက လက်ရှိနေရာသို့ ရွှေ့ပြောင်း၍ ကျောင်းတော်ကြီးတစ်ကျောင်းအဖြစ် ပြန်လည်မွမ်းမံခဲ့ရာ ကျောင်းတော်ကြီး၏ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် ဗိသုကာဆိုင်ရာထူးခြားတန်ဖိုးရှိမှုများကြောင့် မြန်မာနိုင်ငံ၏ ရှေးဟောင်းသုတေသနဆိုင်ရာ စစ်တမ်းကြီး (Archaeological Survey of Burma) က ထိန်းသိမ်းကာကွယ်ထားသော ကျောင်းတော်ကြီး (၇)ကျောင်း စာရင်းတွင် ၁၉၁၉ ခုနှစ်ကတည်းက ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net