တာချီလိတ် ရွှေဝါနဒီပန်းခြံတွင် အများပြည်သူ နေ့စဉ် ည (၉) နာရီအထိ လည်ပတ်နိုင်မည်

တာချီလိတ် ရွှေဝါနဒီပန်းခြံတွင် အများပြည်သူ နေ့စဉ် ည (၉) နာရီအထိ လည်ပတ်နိုင်မည်
နိုဝင်ဘာ 13, 2019
By 🌸


တာချီလိတ် ရွှေဝါနဒီပန်းခြံတွင် အများပြည်သူ နေ့စဉ် ည (၉) နာရီအထိ လည်ပတ်နိုင်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရွှေဝါနဒီပန်းခြံကို ညပိုင်းတွင်လည်း အများပြည်သူ အနားယူလည်ပတ်နိုင်ရန်အတွက် စည်ပင်သာယာရေးဌာနက ည (၉) နာရီအထိ လျှပ်စစ်မီးများ ထွန်းညှိပေးထားမည်ဟု သိရသည်။

ရန်အောင်မြေရပ်ကွက်၊ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)ထိပ်တွင် တည်ရှိသည့် ရွှေဝါနဒီပန်းခြံတွင် တာချီလိတ်၏ တန်ဆောင်တိုင်မီးမျှောပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့က ကျင်းပခဲ့ရာ လာရောက်လည်ပတ်သူများပြားခဲ့သဖြင့် ပန်းခြံတွင် ညပိုင်းလည်ပတ်လိုသူများ အဆင်ပြေစေရန် ည(၉)နာရီအထိ လျှပ်စစ်မီးများ ဆက်လက်ပေးထားရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။

"မီးမျှောပွဲမှာထွန်းတဲ့ ရောင်စုံမီးတွေကတော့ ဖြုတ်ပြီးပြီ။ ပန်းခြံထဲမှာတော့ မီးတွေရှိဦးမယ်။ ညနေ (၆) နာရီကနေ (၉) နာရီအထိ ထွန်းပေးထားမယ်။ ညပိုင်းတွေလာချင်တဲ့သူတွေအတွက် အဆင်ပြေအောင်လို့ပါ"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၏ တစ်ခုတည်းသော ပန်းခြံဖြစ်သည့် ရွှေဝါနဒီပန်းခြံအတွင်း ကလေးကစားကွင်းများ၊ ကျန်းမာရေးလေ့ကျင့်နိုင်ရန် အထောက်အကူပြုနေရာများ ပြုလုပ်ပေးထားပြီး ယောဂလေ့ကျင့်လိုသူများ အတွက် နေရာပြင်ဆင်ပေးရန်လည်း စီစဉ်နေကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို မြို့မီးလင်းရေးကော်မတီက တစ်ဆင့်ပြန်လည်ဖြန့်ဖြူးနေရာ အများပြည်သူအနေဖြင့် တစ်ယူနစ်လျှင် ထိုင်းဘတ်ငွေ (၅)ဘတ်ခွဲ (မြန်မာကျပ်ငွေ ၂၇၅ ကျပ်ဝန်းကျင်)နှင့် ဌာနဆိုင်ရာများအနေဖြင့် တစ်ယူနစ်လျှင် ကျပ် (၁၀၀)နှုန်းဖြင့် ပေးဆောင်ရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်

ဆက်စပ်သတင်း
တာချီလိတ်မြို့၏ ပထမဆုံး တန်ဆောင်တိုင်မီးမျှောပွဲ(လွယ်ကထုံး)ကျင်းပမည့် ရွှေဝါနဒီပန်းခြံတွင်း မီးအလှများ ကြိုတင် ပြင်ဆင်ထားရှိ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net