ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် ဦးစိုးထွန်းရှိန်ကို တာချီလိတ်မှ တဆင့် မန္တလေးသို့ လေကြောင်းဖြင့် ပို့ဆောင်

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် ဦးစိုးထွန်းရှိန်ကို တာချီလိတ်မှ တဆင့် မန္တလေးသို့ လေကြောင်းဖြင့် ပို့ဆောင်
နိုဝင်ဘာ 6, 2019
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသည့် ဦးစိုးထွန်းရှိန်ကို တာချီလိတ်မှ တဆင့် မန္တလေးသို့ 
လေကြောင်းဖြင့် ပို့ဆောင်

ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် တာချီလိတ်လေဆိပ်မှတစ်ဆင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးရန် မန္တလေးလေဆိပ်သို့ ခေါ်ဆောင်သွားပြီဖြစ်သည်။

တာချီလိတ်လေဆိပ်မှ အဲသံလွင်လေကြောင်းလိုင်းဖြင့် နေ့လယ် (၂)နာရီ (၃၁)မိနစ်တွင် လေယာဉ်ပေါ်သို့ ခရီးသည်များအားလုံး တင်ပြီးချိန်၌ ဦးစိုးထွန်းရှိန်ကို ထီးများဖြင့်ကွယ်၍ လေယာဉ်ပေါ်သို့ တင်ပေးလိုက်ကို တာချီလိတ်သတင်းအေဂျင်စီက တွေ့ရှိရသည်။

ထိုင်းနိုင်ငံတွင်း တိမ်းရှောင်နေသည့် ဦးစိုးထွန်းရှိန်အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့၌ ထိုင်းနို်င်ငံ မယ်ဆိုင်မြို့ဘက်မှ မော်တော်ယာဉ်(၂)စီးဖြင့် ခေါ်ဆောင်လာရာ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)ထိပ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒုတိယပြည်နယ်ရဲတပ်ဖွဲ့ဦးစီးသည့် မြန်မာရဲတပ်ဖွဲ့က ရဲကား (၄)စီးဖြင့် အသင့်စောင့်ကြိုကာ ဆက်လက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

စိုးထွန်းရှိန်အား ခေါ်ဆောင်လာသည့်လမ်းတလျှောက်တွင် လုံခြုံရေးတင်းကြပ်စွာချထားသည်ကို တွေ့ရပြီး လေဆိပ်သို့ မခေါ်ဆောင်မီ လေဆိပ်အနီးရှိ ဟောင်လိတ်ရဲကင်းစခန်း၌ လုံခြုံရေးအစောင့်များဖြင့် ထိန်းသိမ်းထားသည်ကို တွေ့ခဲ့ရသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဧက (၆၀၀၀) ကျော်တွင် ရွှေလုပ်ကွက်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်သို့ ပေးသွင်းရမည့် သတ်မှတ်ရွှေပိဿချိန်များအား ပေးဆောင်ခြင်း မပြုသည့်အပြင် ရွှေတူးဖော်ခြင်း ဆက်လက်လုပ်ကိုင်သဖြင့် ရမည်းသင်းမြို့မရဲစခန်းတွင် (ပ) ၆၁/၂၀၁၈၊ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀(က)/ကျင့် ၅၁၂ ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်သည်။

အဆိုပါအမှုမှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးများဖြစ်သည့် စိုးထွန်းရှိန်၊ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့် စောမောင်တို့အား တွေ့ရှိပါက နီးစပ်ရာ ရဲစခန်းများသို့ ဆက်သွယ် အကြောင်းကြားပေးကြရန် ၂၀၁၉ ခုနှစ် မတ်လအတွင်း ရဲတပ်ဖွဲ့က ကြေညာထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် ကြေညာထားသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၌တွေ့ရကြောင်း Myanmar Now သတင်းဌာနက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း သတင်းဓာတ်ပုံများနှင့် ဖော်ပြပြီးနောက်၎င်းအားရှာဖွေဖမ်းဆီးရန် မြန်မာရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိများသည် ထိုင်းနိုင်ငံသို့ သွားမည်ဟု သမ္မတရုံး ပြောခွင့်ရအရာရှိက ပြောကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net