ရွာငံမြို့နယ် မြင်းကျဒိုးတွင် ၁၀ နှစ်အတွင်း မီးလောင်မှုမဖြစ်၍ မီးသတ်စခန်း ပံ့ပိုးရန်မရှိ

ရွာငံမြို့နယ် မြင်းကျဒိုးတွင် ၁၀ နှစ်အတွင်း မီးလောင်မှုမဖြစ်၍ မီးသတ်စခန်း ပံ့ပိုးရန်မရှိ
နိုဝင်ဘာ 27, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု အတွက် မီးသတ်စခန်းနှင့် မီးသတ်ယာဉ် တောင်းဆိုထားသော်လည်း (၁၀)နှစ်တာကာလအတွင်း မီးလောင်မှု ဖြစ်ပွားဖူးခြင်း မရှိ၍ ပံ့ပိုးပေးရန် အစီအစဉ်မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လွှတ်တော်တွင် ဖြေကြားသည်။

ရွာငံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းက ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စုအတွက် မီးသတ်စခန်းနှင့် မီးသတ်ယာဉ်များ ချထားပေးရန် အစီအစဉ် ရှိ၊ မရှိကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၂၇) ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မေးမြန်းခဲ့ခြင်းကို  ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာအုပ်စုတွင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅) ဦးဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျှက်ရှိပြီး (၁၀) နှစ်အတွင်း မီးလောင်မှုမရှိသည့်အပြင်  နယ်မြေမီးသတ်စခန်း ဖွဲ့စည်းပုံ မရှိသေးခြင်းတို့ကြောင့် မီးသတ်စခန်းနှင့် မီးသတ်ယာဉ် ပံ့ပိုးမည်မဟုတ်ကြောင်း ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

အရေးပေါ် မီးလောင်မှုဖြစ်ပွားပါကလည်း  ရွာငံမီးသတ်စခန်းမှ မီးသတ်ယာဉ်(၃) စီး၊ မြို့ကြီးနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂) စီး စုစုပေါင်း (၅) စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်နိုင်မည်ဖြစ်ကြောင်း ဒုဝန်ကြီး၏ ဖြေကြားချက်တွင်  ထည့်သွင်းပြောကြားသွားသည်။

မြင်းကျဒိုးကျေးရွာအုပ်စု၊ မြင်းကျဒိုးအရှေ့ကွင်း  ကွင်းအမှတ် (၁၉၉) တွင်တည်ရှိသည့် မြေဧရိယာ (၁.၁၀) ဧကကို ကျေးရွာအရန်မီးသတ်စခန်းအဖြစ်အသုံးပြုရန် ကျေးရွာအုပ်စု အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် လှူဒါန်းခဲ့ပြီး ရွာငံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြေအမည်ပေါက်ရရှိရေး ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ပြည်သူ့လွှတ်တော်



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~