လာအို - မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် လာအိုနိုင်ငံသို့ ကုန်စည်တင်ပို့မှုစတင်ခွင့်ပြု

လာအို - မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် လာအိုနိုင်ငံသို့ ကုန်စည်တင်ပို့မှုစတင်ခွင့်ပြု
နိုဝင်ဘာ 23, 2019
By Tachileik News Agency
လာအို - မြန်မာ ချစ်ကြည်ရေးတံတားမှတစ်ဆင့် လာအိုနိုင်ငံသို့ ကုန်စည်တင်ပို့မှုစတင်ခွင့်ပြု

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ မြန်မာ - လာအိုချစ်ကြည်ရေးတံတားမှ ကုန်စည်တင်ပို့ခွင့်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှစတင် ခွင့်ပြုလာရာ တရုတ်မှ တိုက်ရိုက်တင်ပို့ခွင့် ပိတ်ထားသည့် စိုက်ပျိုးရေးထွက်ကုန်များကို လာအိုမှတစ်ဆင့် တင်ပို့လာနိုင်ကြောင်း သိရသည်။

“ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ တစ်ချို့ခွင့်ပြုတဲ့ဟာလေးတွေရှိတာပေါ့။ အဲဒီမှာ လိုင်စင်သွားလုပ်လို့ ရတာတို့ ခွင့်ပြုထားတဲ့ တစ်မျိုး၊နှစ်မျိုး အဲဒီလိုတော့ တင်ပို့ခွင့်ပြုထားပါတယ်”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံက နယ်စပ်မှ တင်ပို့ခွင့်ပိတ်ထားသည့် မြန်မာနိုင်ငံမှ ပြောင်းကဲ့သို့ စိုက်ပျိုးရေးထွက်ကုန်အချို့ကို ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှနေ၍ လာအိုသို့ တင်ပို့ကာ လာအိုမှ တရုတ်သို့ ပြန်သွင်းခြင်းဖြင့် ကုန်သွယ်မှုလုပ်ဆောင်လာကြခြင်းဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့ဆီက ပြောင်းတွေ ဘာတွေက တရုတ်ဘက်က ပိတ်ထားတယ်။ မိုင်းယုနဲ့ မူဆယ်ဘက်က ပိတ်ထားတယ်။ လာအိုက ဝင်ရင်လက်ခံတယ်။ ကျွန်တော်တို့ဘက်က တိုက်ရိုက်ပို့ရင် လက်မခံဘူး။ ၂၀၁၉ ခုနှစ်မှာ ဆိတ်အကောင်ရေ (၄၀၀) စသွားတယ်။ အခုတော့ (၁,၀၀၀) ကျော်သွားပြီ။ ပြောင်းတန်ချိန်က (၁၀,၀၀၀) ကျော်သွားပြီ။ (၁၂) ဘီးကားတွေ အစီး (၂၀) (၃၀) ဆို တာချီလိတ်အကောက်ခွန်ကနေ ဆင်းပြီးစစ်ပေးတယ်"ဟု ကျိုင်းလပ်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ တံတားတည်ဆောက်ရေးအတွက် ၂၀၁၃ ခုနှစ်က သမ္မတ ဦးသိန်းစိန်၏ လာအိုနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် နှစ်နိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး တည်ဆောက်ကာ ၂၀၁၅ ခုနှစ်အတွင်း ဖွင့်ပွဲကျင်းပခဲ့ခြင်းဖြစ်သော်လည်း တံတားကုန်ကျစရိတ် သုံးပုံနှစ်ပုံ ကုန်ကျခံထားသည့် လာအိုနိုင်ငံက တံတား၏ သုံးပုံနှစ်ပုံ ရယူသတ်မှတ်လိုသဖြင့် မြန်မာ့ နယ်နိမိတ် မနစ်နာ စေရေးအတွက် မြန်မာနိုင်ငံက တံတား၏ ကုန်ကျစရိတ်ကို ၂၀၁၇ ခုနှစ်တွင် ပြန်လည် ပေးချေခဲ့ရခြင်း ဖြစ်သည်။

မြန်မာ - လာအို ချစ်ကြည်ရေး မယ်ခေါင်မြစ်ကူးတံတားအား စီမံခန့်ခွဲမှုဆိုင်ရာ နှစ်နိုင်ငံသဘောတူညီမှု စာချုပ်ကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးတို့က နေပြည်တော်တွင် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၅) ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အမေရိကန် ဒေါ်လာ (၂၆) သန်းကုန်ကျသည့် တံတားကို နယ်စပ်ဝင်ထွက်ပေါက်အဖြစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်နေ့မှစတင်၍ အသုံးပြုလာခြင်းဖြစ်သော်လည်း လတ်တလောတွင် နှစ်နိုင်ငံနယ်စပ်ဒေသ၌ နေထိုင်သူများကိုသာ  ဖြတ်သန်းခွင့်ပေးထားခြင်းဖြစသ်ည်။

မြန်မာနိုင်ငံဘက်မှ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့နှင့် လာအိုနိုင်ငံ စီအင်ကောက်မြို့တို့ကို ဆက်သွယ်ထားသည့် နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ နယ်စပ်ဝင်ထွက်ပေါက်မှနေ၍ နှစ်နိုင်ငံသားများအား နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့် (၁၃)ညအိပ် (၁၄)ရက်ခရီး ခွင့်ပြုထားခြင်းဖြစ်ကာ နယ်စပ်ဒေသနေ မြန်မာနိုင်ငံသားများကို လာအိုနိုင်ငံ လောင်နန်သာခရိုင် မောင်စင်မြို့နှင့် မောင်လောင်မြို့များအထိ ခွင့်ပြုထားပြီး နယ်စပ်ဒေသနေ လာအိုနိုင်ငံသားများကို တာချီလိတ်မြို့နှင့် မိုင်းယောင်းမြို့များအထိ သွားလာခွင့်ပြုထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း မြန်မာ - လာအိုနယ်စပ်ဖြစ်သည့် မဲခေါင်မြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်း (ဝမ်ပုံ) မှနေ၍ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် (၆)ညအိပ် (၇)ရက်ခရီး ခွင့်ပြုပေးထားပြီး မြန်မာနိုင်ငံသားများကို လာအိုနိုင်ငံ လုံတိုင်းထားပြည်နယ်အတွင်း ကီလိုမီတာ (၃၀)ခန့်အထိလည်းကောင်း၊ လာအိုနိုင်ငံသားများကို တာချီလိတ်မြို့နယ်အတွင်းလည်းကောင်း ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့ဖြင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် အတွင်း တာချီလိတ် - မယ်ဆိုင်ကို ဆက်သွယ်ထားသည့် မြန်မာ - ထိုင်းနယ်စပ်ဝင်ထွက်ပေါက်၊ ဝမ်ပုံ - လုံတားထိုင်းဆက်သွယ်ထားသည့် ဝမ်ပုံဆိပ်ကမ်းနှင့် ကျိုင်းလပ် - စီအင်ကောက်ဆက်သွယ်ထားသည့် မြန်မာ - လာအိုနယ်စပ် ဝင်ထွက်ပေါက်များ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net