မိုင်းတုံဆေးရုံတွင် ဒီဇင်ဘာလ(၅)ရက်နေ့ တစ်နေ့တာ သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့ စမ်းသပ်စစ်ဆေးပေးမည်ဖြစ်၍ ကြိုတင် စာရင်းပေးရန်မလို

မိုင်းတုံဆေးရုံတွင် ဒီဇင်ဘာလ(၅)ရက်နေ့ တစ်နေ့တာ သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့ စမ်းသပ်စစ်ဆေးပေးမည်ဖြစ်၍ ကြိုတင် စာရင်းပေးရန်မလို
နိုဝင်ဘာ 30, 2019
By Tachileik News Agency
မိုင်းတုံဆေးရုံတွင် ဒီဇင်ဘာလ(၅)ရက်နေ့ တစ်နေ့တာ သားအိမ်ခေါင်းကင်ဆာရောဂါ အခမဲ့ စမ်းသပ်စစ်ဆေးပေးမည်ဖြစ်၍ ကြိုတင် စာရင်းပေးရန်မလို

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့ ပြည်သူ့ဆေးရုံတွင် သားဖွားမီးယပ် အထူးကု ဆရာဝန် (၆)ဦးအဖွဲ့က အသက်(၅၀)နှစ်အောက် အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေကုသခြင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့ နံနက် (၈)နာရီမှစ၍ ဆောင်ရွက်ပေးမည်ဖြစ်သည်။

 “မနက် (၈)နာရီမှာ စမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ဆေးရုံကို အဲဒီနေ့မှာ လာခဲ့ရင် ရပါပြီ။ စာရင်းကြိုပေးစရာတော့ မလိုပါဘူး။ လူဦးရေကတော့ (၁၀၀၀)လောက် သူတို့စမ်းသပ်ပေးနိုင်မယ်လို့ မှန်းထားတယ် ပြောတယ်။ သူတို့စစ်ဆေးပေးချင်တာကတော့ အသက် (၃၀)ကနေ (၅၀)အတွင်းတွေကို ဦးစားပေး စစ်ဆေးပေးချင်တယ်ပြောတယ်။ အသက်ငယ်တဲ့သူတွေမှာတော့ တွေ့ရတာ နည်းတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကျတော့ အသက် (၁၃)နှစ်၊ (၁၄)နှစ်လောက်ကို ကလေးတွေက ရနေကြပြီ”ဟု မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမျိုးသမီးများတွင် အဖြစ်အများဆုံးနှင့် သေပျောက်မှု အများဆုံး ကင်ဆာစာရင်းတွင် ပါဝင်သည့် သားအိမ်ခေါင်း ကင်ဆာကို ဆောလျင်စွာ စမ်းသပ်သိရှိပါက အချိန်မီကုသပျောက်ကင်းနိုင်ပြီး ကာကွယ်ဆေးထိုးနှံ၍ ရသဖြင့် ရှမ်းပြည်နယ်အတွင်း သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် အခမဲ့စမ်းသပ်ရှာဖွေကုသခြင်းစီမံချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဇနီး ဒေါ်နန်းရွှေမြင့်က ဦးဆောင် အကောင်အထည်ဖေါ်နေခြင်းဖြစ်သည်။

အခမဲ့စမ်းသပ်ကုသမှု စီမံချက်ဆောင်ရွက်ရာတွင် သားအိမ် ကြွက်နို့ပိုးသတ်စက် (၂)လုံးလည်း ပါဝင်မည်ဖြစ်ပြီး သားအိမ်တွင် ကြွက်နို့ပိုးကူးစက်ခံရသည်ကို တွေ့ရှိပါက ကြွက်နို့ပိုးသတ်စက်ဖြင့် ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာသည် လိင်မှတဆင့် ကူးဆက်နိုင်သော Human papilloma virus (HPV) ဟုခေါ်သည့် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ငယ်ငယ်နှင့် အိမ်ထောင်ကျသော အမျိုးသမီးများ၊ အိမ်ထောင်ဖက် များသော အမျိုးသမီးများ၊ အတူနေဖော်များသော အမျိုးသမီးများ၊ ဆေးလိပ်သောက်သော အမျိုးသမီးများ၊ ကာလရှည်ကြာစွာ ကိုယ်ဝန်တားဆေးစွဲသောက်သော အမျိုးသမီးများ၊ ကိုယ်ခံ အားနည်းသောသူများ၊ အိမ်ထောင်ဖက် အမျိုးသားသည် လိင်ဆက်ဆံဖော်များသူဖြစ်ခြင်းတို့ကြောင့် အဖြစ်များကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာကို ဆောလျင်စွာ စမ်းသပ်သိရှိပါက အချိန်မီကုသပျောက်ကင်းနိုင်ပြီး ကာကွယ်ဆေးထိုးနှံ၍ရကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~