မကွေးလေဆိပ်စီမံကိန်းအတွက် သိမ်းယူခဲ့ပြီး အသုံးမပြုသည့် လယ်ယာမြေဧက(၃၀၀)ကျော်အား ပြန်စွန့်၍ ပုံစံ(၇)ထုတ်ပေးနိုင်ရန် တောင်သူ(၁၀၀)ကျော် ဆန္ဒဖော်ထုတ်

မကွေးလေဆိပ်စီမံကိန်းအတွက် သိမ်းယူခဲ့ပြီး အသုံးမပြုသည့် လယ်ယာမြေဧက(၃၀၀)ကျော်အား ပြန်စွန့်၍ ပုံစံ(၇)ထုတ်ပေးနိုင်ရန် တောင်သူ(၁၀၀)ကျော် ဆန္ဒဖော်ထုတ်
နိုဝင်ဘာ 5, 2019
By 🌸
မကွေးလေဆိပ်စီမံကိန်းအတွက် သိမ်းယူခဲ့ပြီး အသုံးမပြုသည့် လယ်ယာမြေဧက(၃၀၀)ကျော်အား ပြန်စွန့်၍ ပုံစံ(၇)ထုတ်ပေးနိုင်ရန် တောင်သူ(၁၀၀)ကျော် ဆန္ဒဖော်ထုတ်


မကွေးလေဆိပ်စီမံကိန်းဧရိယာနှင့် လွတ်ကင်းနေသော လယ်ယာမြေဧက (၃၁၄.၃၆)ကို ပြန်လည်စွန့် လွှတ်ပေးရေးနှင့် ပုံစံ(၇)ထုတ်ပေးနိုင်ရေးအတွက် မကွေးဒေသခံတောင်သူ(၁၀၀)ဦးခန့်က ၂၀၁၉ ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းတွင် မကွေးမြို့အတွင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြသည်။

မကွေးမြို့နယ်အတွင်းရှိ ဒဟတ်ကန်၊ ကန်လှ၊ ဆားတိုင်ကန်နှင့် ဝက်သိုက်ကျေးရွာများမှ တောင်သူ (၁၀၀)ဦးခန့်က အေးစေတီဘုရားကွင်း၌ စုရပ်လုပ်ကာ အထက(၁)လမ်း ၊ မေတ္တာလမ်း ၊ ပြည်တော်သာလမ်း ၊ သစ္စာလမ်းများအတိုင်း စီတန်းလှည့်လည်ခဲ့ကြခြင်းဖြစ်သည်။

“မကွေးလေဆိပ် တည်ဆောက်ရေးစီမံကိန်းအတွက် ၂၀၀၂ ခုနှစ်မှာ သိမ်းယူခံခဲ့ရတဲ့ လယ်ယာမြေ ဧက (၈၁၈.၂၈) ထဲက လက်ရှိအခြေအနေထိ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ထားတာက (၁၇၂) ဧက လောက်ပဲ ရှိပါတယ်။ ၂၀၀၆ ခုနှစ်တုန်းက သိမ်းထားတာတွေနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက သီးနှံလျော်ကြေးအဖြစ် လယ်တစ်ဧက တစ်သောင်းခွဲ ၊ ယာတစ်ဧကကို ငါးထောင်ကျပ် ပေးခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာ လယ်တစ်ဧကကို (၁၀)သိန်း ၊ ယာတစ်ဧကကို (၈)သိန်းနှုန်းနဲ့ လယ်ယာမြေ လျော်ကြေးပေးပါတယ်။ လျော်ကြေးယူတဲ့သူတွေရှိခဲ့ပေမဲ့  အခုဆန္ဒထုတ်ဖော်တဲ့သူတွေက လျော်ကြေးရယူခဲ့ခြင်းမရှိတဲ့ ဧက (၃၀၀)ကျော်ကို ပြန်စွန့်လွှတ်ပေးရေးနဲ့ ပုံစံ(၇) ထုတ်ပေးနိုင်ရေးအတွက် ဆန္ဒထုတ်ဖော်နေကြတာပါ” ဟု တောင်သူ ကိုမင်းမင်းက ရှင်းပြသည်။

သိမ်းဆည်းခံရပြီး တရားဝင်ပြန်လွှတ်စွန့်လွှတ်ပေးခြင်းမရှိသည့် လယ်ယာမြေများပေါ်တွင် သိမ်းဆည်းခံရ စဉ်ကတည်းက ယနေ့အချိန်ထိ စိုက်ပျိုးလုပ်ကိုင်စားသောက်ခွင့် ရနေသော်လည်း တရားဝင် ပြန်လည် စွန့်လွှတ်ပေးခြင်းမရှိ၍ ပုံစံ(၇)ထုတ်မရသေးသည့်အတွက် နိုင်ငံတော်မှပေးသည့် စိုက်ဘဏ်ချေးငွေကဲ့သို့သော အကူအညီရယူခွင့် ဆုံးရှုံးနေသည်ဟု ဆိုသည်။

“မကွေးလေဆိပ်က ၂၀၀၂ ခုနှစ်မှာတည်ဆောက်ခဲ့တယ်။ စီမံကိန်းအတွက် သိမ်းယူခဲ့တဲ့ယာမြေက ဧက (၈၀၀)ကျော်ရှိခဲ့ပြီး စီမံကိန်းအသုံးမပြုတဲ့ ယာမြေဧက(၃၀၀)ကျော်ကို သီးစားခယူပြီး တောင်သူတွေကို လုပ်ကိုင်ခွင့်ပေးခဲ့တာ ဒီနေ့အထိပေါ့။ ဗဟိုမြေစစ်ကော်မတီရဲ့ မူဝါဒမှာ သိမ်းဆည်းခံမြေများနှင့်ပတ်သက်၍ ယခင်ကာလနှုန်းထားများနှင့် ပေးချေပြီးဖြစ်ပါက ထပ်မံပေးရန်မလိုလို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ၁၀ လပိုင်းက တိုင်းဒေသကြီးမြေစစ်ကော်မတီအစည်းအဝေးမှာ ဒီကိစ္စကို  ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာမှာ ယခင်လျော်ကြေးရရှိပြီးသားတောင်သူတွေက ထပ်မံလျော်ကြေးရရှိခွင့်မရှိတော့ဘဲ လျော်ကြေးမယူခဲ့သူတွေကို လယ်ဆိုရင် ကျပ် သိန်း(၁၇၀)၊ ယာ ဆိုရင် သိန်း(၁၅၀)ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်ကိုလည်း ကျွန်တော်တို့က ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်လက်တင်ပြသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု မကွေးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးအောင်ကျော်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးလေဆိပ် တည်ဆောက်ရေးစီမံကိန်းအတွက် ၂၀၀၁ ခုနှစ်က သိမ်းယူခဲ့သည့်လယ်ယာမြေများမှ  လျော်ကြေးယူမထားသည့် လယ်ယာမြေ ဧက(၃၀၀)ကျော်ကို ပြန်လည်စွန့်လွတ်ပေး၍ ပုံစံ(၇)ထုတ်ပေးနိုင်ရန် သက်ဆိုင်ရာထံ ခွင့်ပြုချက်တင်၍ ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

ဆက္စပ္သတင္းမ်ား
လေဆိပ်အတွက် သိမ်းဆည်းလယ်ယာမြေလျော်ကြေးကိစ္စ မပြီးပြတ်သေး၍ မကွေးလေဆိပ် အသုံးပြုမှုကို (၁၂)နှစ်ကြာသည်အထိ ရပ်ဆိုင်းထားရ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net