တာချီလိတ်မြို့ မယ်ဆိုင်ချောင်းဘေး ကျူးကျော်နေထိုင်သူများကို အစားထိုးနေရာပေးရန် မရှိသေး၍ မဖယ်ရှားနိုင်သေး

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းဘေး ကျူးကျော်နေထိုင်သူများကို အစားထိုးနေရာပေးရန် မရှိသေး၍ မဖယ်ရှားနိုင်သေး
နိုဝင်ဘာ 22, 2019
By Tachileik News Agency

တာချီလိတ်မြို့ မယ်ဆိုင်ချောင်းဘေး ကျူးကျော်နေထိုင်သူများကို အစားထိုးနေရာပေးရန် မရှိသေး၍ မဖယ်ရှားနိုင်သေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်နှင့် လွယ်တော်ခမ်းကျေးရွာကြား မယ်ဆိုင် ချောင်းဘေးတွင် ကျူးကျော်နေထိုင်သူများကို ပြန်လည်နေရာချထားပေးရန်အတွက် တပ်မတော် စွန့်လွှတ်မြေကို အသုံးပြုခွင့်ပေးရန် ဗဟိုမြေလွတ်မြေရိုင်းကော်မတီသို့ တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။

"Town Plan က တင်ထားပြီးပြီ။ ချောင်းဘေးက ကျူးတွေကို နေရာချထားပေးဖို့လည်း ပါတယ်။ အချို့နေရာတွေမှာ ပြန်ချပေးမှာပေါ့။ ဗဟိုမြေလွတ်မြေရိုင်းကော်မတီကို တင်ထားတာကြာပြီ"ဟု ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ပြောသည်။

တာချီလိတ် - မိုင်းဆတ် ကားလမ်းမကြီးဘေးတွင် အမှတ် (၃၁၆) ခြေမြန်တပ်ရင်းက ပြန်လည်စွန့်လွတ်သည့် ဧက (၆၀၀) ၌ နေရာပြန်လည်ချထားပေးနိုင်ရန်အတွက် Town Plan ရေးဆွဲကာ ဗဟိုမြေလွတ်မြေရိုင်း ကော်မတီသို့ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

" အဲဒီနေရာတွေက ရွာမြေမဟုတ်တဲ့အတွက် ရွာမြေဖြစ်အောင် အရင်တင်ရမှာ။ ကျလာပြီဆိုမှ စီမံခန့်ခွဲရမှာပေါ့။ ပြန်သိမ်းရမယ့်မြေနေရာတွေလည်း စာရင်းရှိထားပြီးသား။ ရွာမြေဖြစ်အောင် အရင်လျှောက်ရမှာ"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

လွယ်တော်ခမ်းကျေးရွာအတွင်းရှိ မယ်ဆိုင်ချောင်းဘေး ဝဲယာတလျှောက်တွင် ၁၉၉၈ ခုနှစ်ကတည်းက ၂၀၁၈ ခုနှစ်အထိ ကာလအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအပါအဝင် လူနေအိမ်၊ ခြံဝန်းများ ကျူးကျော်လာကြသည့်အပြင် မယ်ဆိုင်ချောင်းအတွင်း မြေဖို့တည်ဆောက်မှုများပါ လုပ်ဆောင်လာကြသဖြင့် ကျူးကျော်များ ဖယ်ရှားရေးလုပ်ဆောင်ရန် ပြည်နယ်အစိုးရက တာချီလိတ်မြို့နယ်စီမံခန့်ခွဲရေးကော်မတီသို့ ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရသည်။

ကျူးကျော်များဖယ်ရှားရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့က  ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ကွင်းဆင်းစစ်ဆေး သတိပေးတားမြစ်ခဲ့ခြင်း ဖြစ်သည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မယ်ဆိုင်ချောင်းဘေး ကျူးကျော်များ ရှင်းလင်းရာတွင် တပ်မတော်မှ သိမ်းယူထားသည့်မြေနေရာရှိ မယ်ဆိုင်ချောင်းဘေး၌ ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလည်း ပါဝင်နေခြင်းဖြစ်သည်။

မယ်ဆိုင်ချောင်းဘေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ပြီးနောက် တဖြည်းဖြည်း ကျူးကျော် နေထိုင်သူများ တိုးလာရာ ခုနှစ်အထိ အိမ်ခြေ (၁၀) လုံးအထိရှိလာခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်ချောင်းဘေးတလျှောက် ကျူးကျော်ထားသည့် နေအိမ်၊ ခြံဝန်း၊ အဆောက်အဦများကို သက်ဆိုင်ရာက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ကွင်းဆင်းစာရင်းကောက်ယူခဲ့ရာ နေအိမ်၊ခြံဝန်း၊ အဆောက်အဦပေါင်း (၆၄) ခု တွေ့ရသော်လည်း (၅၇) နေရာအတွက်သာ ပိုင်ရှင်စာရင်းကောက်ယူရရှိထားပြီး ကျန် (၇)နေရာ၏ ပိုင်ရှင်ကို စုံစမ်းသိရှိရခြင်း မရှိကြောင်း သိရသည်။

မယ်ဆိုင်ချောင်းဘေးတွင် အဆောက်အဦးနှင့် မြေကွက်များ ကျူးကျော်ရယူထားသည့် နေအိမ်၊ ခြံဝန်း၊ အဆောက်အဦ (၆၄) ခုတွင် ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိကာလအတွင်း ကျူးကျော်ထားမှု (၁၀) ခုသာ ပါဝင်ပြီးကျန်အရေအတွက်မှာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ကျူးကျော်လာနေရာယူထားသူများ ဖြစ်ကြောင်း သိရသည်။

ကျူးကျော်နေထိုင်သူများတွင် ကာလကြာရှည်နေထိုင်ပြီး လက်ဆင့်ကမ်း ရောင်းချသူများထံမှ မြေနေရာ ဝယ်ယူနေထိုင်သူများလည်း ပါဝင်သဖြင့် စိစစ်ပြီး မြေနေရာအစားထိုးအဖြစ် ပေ (၃၀) x (၆၀) ပေ (သို့မဟုတ်) (၂၅) ပေ x (၆၀) ပေ မြေကွက်များ ပြန်လည်ချထားပေးရန် စီစဉ်ထားသော်လည်း အစားထိုးပေးသည့် မြေနေရာကို လက်လွှဲရောင်းချခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မယ်ဆိုင်ချောင်းဘေးတလျှောက်မှ ကျူးကျော်များကို ဖယ်ရှားပြီးပါက စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ထည့်သွင်းကာ လမ်းပြုပြင်ခြင်းနှင့် ချောင်းဘေးတလျှောက် သာယာရေးတို့ကို စည်ပင်သာယာရေးဌာနက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုကို ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် အာခါတိုင်းရင်းသားများ အများစုနေထိုင်သည့် ကျေးရွာ (၃၁) ရွာ၊ မြေဧရိယာ (၁၁၈၁၇၉.၈၄) ဧကဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က (၅) ကြိမ်မြောက်ခေါ်ယူတွေ့ဆုံမှုအဖြစ် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့က လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင ်ပြုလုပ်ခဲ့သည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်

ဆက်စပ်သတင်း - 

  1. {TV} ကျူးကျော်ထဲမှာ ပါနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို စံပြအဖြစ် ဖယ်ရှားသွားမည်
  2. {TV} တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာထဲက ကျူးကျော်များ ရွာမြေတွင် နေထိုင်ခွင့် လျှောက်ထားရမည်
  3. တာချီလိတ်မြို့ ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးရှိ ကျူးကျော်များနေထိုင်သည့်  နေရာကို စည်ပင်နယ်နိမိတ်အတွင်း ထည့်သွင်းမည်
  4. တာချီလိတ်မြို့ ပုန်းထွန် နှင့် လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးတစ်လျှောက် ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရေး တွေ့ဆုံဆွေးနွေးနေ
  5. တာချီလိတ်မြို့ ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေး ကျူးကျော်နေထိုင်သူများ ဖယ်ရှားရေး (၅)ကြိမ်မြောက် ခေါ်ယူတွေ့ဆုံ
  6. တာချီလိတ်မြို့နယ် ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်ထဲ ပါဝင်နေသည့် လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကို စံပြအနေဖြင့် စတင်ဖယ်ရှားမည်
  7. တာချီလိတ်မြို့ ပုန်းထွန်-လွယ်တော်ခမ်းသွားရာ မယ်ဆိုင်ချောင်းဘေး ကျူးကျော်သူများ ရွာမြေသတ်မှတ်မည့်နေရာတွင် နေထိုင်ခွင့်အတွက် လျှောက်ထားရယူရန် အကြံပြုထား
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net