တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း နိုဝင်ဘာလ ၂၅ နှင့် ၂၆ တို့တွင် ဆိုင်ကယ်မောင်း လိုင်စင်များ ဆက်လက် ကွင်းဆင်း လုပ်ဆောင်ပေးသွားမည်

တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း နိုဝင်ဘာလ ၂၅ နှင့် ၂၆ တို့တွင် ဆိုင်ကယ်မောင်း လိုင်စင်များ ဆက်လက် ကွင်းဆင်း လုပ်ဆောင်ပေးသွားမည်
နိုဝင်ဘာ 22, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့တွင် ဆောင်ရွက်ပေးပြီးနောက် ဆက်လက်၍ နိုဝင်ဘာလ (၂၅)ရက်နှင့် (၂၆)ရက်နေ့များတွင် နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်သည်။

ရှမ်းရိုးမကွင်းအတွင်း ယာဉ်မောင်းလိုင်စင်ဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ဆောင်ရွက်ပေးခဲ့ပြီး (၃)ရက်တာ ကွင်းဆင်းဆောင်ရွက်မှုများမှ လိုင်စင်ပြုလုပ်ထားသူများကို နိုဝင်ဘာလ (၂၉)ရက်နေ့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးပွဲပြုလုပ်ပြီး လိုင်စင်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ယာဉ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် စစ်ဆေးခြင်း (၃) ကြိမ်အစား (၁) ကြိမ်သို့ လျှော့ချလိုက်သဖြင့် ပုံမှန်ယာဉ်မောင်းလိုင်စင်ပြုလုပ်သည်ထက် ငွေကျပ် (၄၀၀၀) လျော့နည်းမည် ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ယာဉ်မောင်းလိုင်စင် ပြုလုပ်လိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓါတ်ပုံ (၃)ပုံနှင့်အတူ လာရောက်လုပ်ဆောင်နိုင်ပြီး အသက် (၁၈)နှစ်အောက်အတွက် ကျပ်တစ်သောင်းခွဲ၊ အသက် (၁၈)နှစ်အထက်အတွက် ကျပ်နှစ်သောင်းခွဲ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည် စီမံချက်ဖြင့် ဆိုင်ကယ်မောင်းလိုင်စင်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် မြန်မာ့အာမခံလုပ်ငန်းတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net