ကျိုင်းတုံမြို့နယ်တွင်းရှိ ရာဘာခြံတွင် အလုပ် လုပ်နေသည့် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ

ကျိုင်းတုံမြို့နယ်တွင်းရှိ ရာဘာခြံတွင် အလုပ် လုပ်နေသည့် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ
နိုဝင်ဘာ 30, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းလန်းကျေးရွာအုပ်စု၊ ဟွေပုံကျေးရွာအရှေ့ဘက် ရာဘာခြံဘေးရှိ လမ်းမတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် (၅)နာရီခွဲအချိန်က အသက် (၂၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံရပြီး တရားခံရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ဟွေပုံကျေးရွာအရှေ့ဘက်ရှိ ရာဘာခြံတွင်  နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် (၅)နာရီခွဲဝန်းကျင်၌ ထမင်းချက်နေသည့်  ဒေါ်ကြည်အေးသည် ချွေးမဖြစ်သူ မခင်ယုလွင် ရာဘာခြစ်နေသည့်ဘက်မှ အော်ဟစ်အကူအညီတောင်းသံကြား၍ ထွက်လာရာ ရာဘာခြံဘေးလမ်းမပေါ်၌ လည်ပင်း ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာများဖြင့် လဲကျနေသည့် မခင်ယုလွင်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသွားသည့် မခင်ယုလွင်ကို ယောက္ခမဖြစ်သူ ဒေါ်ကြည်အေးနှင့် ခင်ပွန်းဖြစ်သူ မောင်ညီညီလွင်ဦးတို့က ကားငှားကာ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း လမ်းခရီးတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မခင်ယုလွင်အား သတ်သွားသူကို ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၄၃၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ လူသတ်တရားခံအား ဖေါ်ထုတ်နိုင်ရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသည့် မခင်ယုလွင်သည် ခင်ပွန်းဖြစ်သူ မောင်ညီညီလွင်ဦး၊ ယောက္ခမဖြစ်သူ ဒေါ်ကြည်အေးတို့နှင့်အတူ ရာဘာခြံတွင် တစ်လလျှင် ကျပ်ငါးသိန်းဖြင့် ရာဘာခြစ်အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~