ကွတ်ခိုင်အနီး ပြည်ထောင်စုလမ်းတွင် တိုက်ပွဲဖြစ်၍ မော်တော်ယာဉ်များ ပိတ်မိနေဆဲ

ကွတ်ခိုင်အနီး ပြည်ထောင်စုလမ်းတွင် တိုက်ပွဲဖြစ်၍ မော်တော်ယာဉ်များ ပိတ်မိနေဆဲ
နိုဝင်ဘာ 13, 2019
By Tachileik News Agency
ကွတ်ခိုင်အနီး ပြည်ထောင်စုလမ်းတွင် တိုက်ပွဲဖြစ်၍ မော်တော်ယာဉ်များ ပိတ်မိနေဆဲ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့၊ လွိုင်ဆမ်ဆစ်တောင်အနီးတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက်(၇)နာရီမှ နေ့လယ် (၁၁)နာရီဝန်းကျင်ထိ တပ်မတော်နှင့် TNLA ကြား တိုက်ပွဲဖြစ်၍ နေ့လယ် (၂)နာရီ (၅၅)မိနစ်အထိ ကွတ်ခိုင်မြို့တွင်း မော်တော်ယာဉ်များ ပိတ်မိနေဆဲဖြစ်သည်။

“အခုထိတော့ ကွတ်ခိုင်ထဲမှာ ခရီးသည်တင်ယာဉ်တွေရော၊ ကုန်တင်ယာဉ်တွေရော အကုန်ပိတ်မိနေကြတာ။ ကားတွေ ထွက်လို့မရသေးဘူး။ ပစ်ခတ်သံတွေကတော့ နေ့လယ် (၁၁)နာရီလောက်အထိ ကြားရတယ်။ အခုတော့ မကြားတော့ဘူး”ဟု ကွတ်ခိုင် ပြည်ထောင်စုလမ်းမကြီးတွင် ပိတ်မိနေသည့် မော်တော်ယာဉ်တစ်စီးမှ ယာဉ်မောင်းက ပြောသည်။

TNLA အဖွဲ့က ကွတ်ခိုင် - မူဆယ် လမ်းပိုင်းရှိ နမ့်ဖတ်ကာကျေးရွာအနီးမှစတင်၍ ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မော်တော်ယာဉ်များအား နံနက် (၇) နာရီခန့်ကစတင်၍ တားမြစ် ရပ်တန့်စေခဲ့ခြင်းဖြစ်ပြီး သိန်းနီမြို့မှ ကွတ်ခိုင်မြို့အဝင် လွိုင်ဆမ်ဆစ်တောင်နှင့်အနီးရှိ ရပ်ကွက် (၈) အနီး၌လည်း နံနက် (၇)နာရီခွဲဝန်းကျင်မှစ၍ ပစ်ခတ်မှုများရှိနေ၍ မော်တော်ယာဉ်အချို့ ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်သံများ တိတ်ဆိတ်သွားချိန်တွင် ကွတ်ခိုင်နှင့် နမ့်ဖက်ကာကြား ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ် အချို့လည်းရှိသည်ဟု သိရသည်။

“ကွတ်ခိုင် - နမ့်ဖက်ကာကြားမှာ မနက် (၁၀)နာရီလောက်တော့ အသွားအလာမရှိကြဘူး။ နေ့လယ် (၁၁)နောက်ပိုင်းလောက်စပြီး နည်းနည်းပါးပါး အသွားအလာတော့ ရှိလာတယ်။  မူဆယ်ကနေ ညနေထွက်မယ့် မှန်လုံကားတွေကတော့ အပြောင်းအလဲမရှိဘူး။ ထွက်မယ်လို့သိရတယ်”ဟု မူဆယ်မြို့ခံ ဦးဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ညနေ (၂)နာရီကျော်တွင် ပြောသည်။

ပစ်ခတ်မှုများအတွင်း ပိတ်မိနေသည့် ခရီးသည်တင်ယာဉ်အချို့ကလည်း တိုက်ပွဲဖြစ်ပွားနေသည်ကို လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသည်များကိုလည်း တွေ့ရသည်။

ပြည်ထောင်စုလမ်းပိုင်းတလျှောက်တွင် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား၍ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း မော်တော်ယာဉ်များ ပိတ်မိမှုများ ဖြစ်ပွားလေ့ရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net