ပြင်သစ်နိုင်ငံအခြေစိုက်အဖွဲ့က မကွေးတွင် ၂၀၂၀ ခုနှစ်အတွင်း အမှိုက်မှ ဇီဝမြေသြဇာထုတ်မည်

ပြင်သစ်နိုင်ငံအခြေစိုက်အဖွဲ့က မကွေးတွင် ၂၀၂၀ ခုနှစ်အတွင်း အမှိုက်မှ ဇီဝမြေသြဇာထုတ်မည်
နိုဝင်ဘာ 30, 2019
By 🌸
မကွေးမြို့တွင် အမှိုက်မှဇီဝမြေသြဇာထုတ်လုပ်နိုင်ရန် ပြင်သစ်နိုင်ငံအခြေစိုက် GRET MYANMAR အဖွဲ့က ကျပ်သန်းပေါင်း(၁၇ ဒဿမ ၈၅၀)အသုံးပြုပြီး ၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျှက်ရှိကြောင်း မြို့နယ်စည်ပင်ပင်သာယာရေးကော်မတီထံမှ သိရသည်။

“ပြင်သစ်နိုင်ငံအခြေစိုက် GRET MYANMAR အဖွဲ့ရဲ့ကူညီမှုနဲ့ မြို့က နေ့စဉ်ထွက်ရှိတဲ့အမှိုက်တွေကို ဇီဝ မြေသြဇာထုတ်လုပ်နိုင်ရေးအတွက် အဆောက်အဦဆောက်ဖို့နဲ့ စက်ပစ္စည်းတွေဝယ်ဖို့အတွက် တင်ဒါတွေ ခေါ်ဖို့တောင်လုပ်နေပါပြီ။ ၂၀၂၀ ခုနှစ်အတွင်း အပြီးလုပ်ဖို့ သူတို့စီစဉ်နေပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှ ထွက်ရှိသည့် မီးဖိုချောင် စွန့်ပစ်အမှိုက်နှင့် လုပ်ငန်းသုံး စွန့်ပစ်အမှိုက် တန်ချိန် (၆၀)ကျော်ခန့်ကို နေ့စဉ်သိမ်းဆည်းစွန့်ပစ်၍ မီးရှို့နေရသောကြောင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုပြဿနာနှင့် ရင်ဆိုင်နေရသဖြင့် အဆိုပါပြဿနာအား ကျော်လွှားနိုင်ရေးအတွက် အမှိုက်မှ မီးသွေးတောင့်စက်ရုံတည်ဆောက်နိုင်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းညီညွတ်မှုမရှိ၍ အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ဟု သိရသည်။

“ဇီဝမြေသြဇာထုတ်လုပ်နိုင်ဖို့အတွက်ကတော့ သေချာနေပါပြီ။ လတ်တလော သူတို့လျာထားတဲ့ ဘတ်ဂျက် ပြည့်မီခြင်းမရှိသေးလို့ ခေတ္တစောင့်နေရတဲ့သဘောပါ။ ပြင်သစ်သံအမတ်ကြီးကိုယ်တိုင်လည်း ကွင်းဆင်း ကြည့်ရှုပြီးပါပြီ။ သူတို့ဘက်က အဆင်သင့်ဖြစ်တာနဲ့ တိုင်းစည်ပင်သာယာရေးကော်မတီနဲ့ MOU သဘော တူလက်မှတ်ရေးထိုးပြီး ၂၀၂၀ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မှာပါ”ဟု ဦးဖိုးနီက ပြောသည်။

GRET MYANMAR အဖွဲ့မှ အဆိုပါ ဇီဝမြေသြဇာထုတ်လုပ်ရေးလုပ်ငန်းအတွက် နှစ်နှစ်ကျော်ကြာ လေ့လာ ဆန်းစစ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ငွေကျပ် (၁၇ ဒသမ ၈၅၀) သန်း အသုံးပြု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရပြီး လုပ်ငန်းလည်ပတ်မှုအဆင်ပြေပါက စည်ပင်ဝန်ထမ်းများကို သင်တန်းပေး၍ မြို့နယ် စည်ပင်သို့ အပြီးအပြတ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-U Pho Ni

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~