တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ မီးပုံးပျံလွှတ်တင်သည့်နေရာတွင် အကာအရံများ ပြိုလဲ၍ ပြန်လည်ပြင်ဆင်ထားရ

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ မီးပုံးပျံလွှတ်တင်သည့်နေရာတွင် အကာအရံများ ပြိုလဲ၍ ပြန်လည်ပြင်ဆင်ထားရ
နိုဝင်ဘာ 7, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ၂၀၁၉ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော်၏ မီးပုံးပျံပြိုင်ပွဲတွင် မီးပုံးပျံလွှတ်တင်ချိန် အတွင်း မတော်တဆမှုနှင့် ထိခိုက်ဒဏ်ရာရမှုမရှိစေရေးအတွက် မီးပုံးပျံလွှတ်တင်သည့်နေရာကို သီးသန့် ကာရံထားသည့် အကာအရံများ ပြိုလဲသွား၍ နိုဝင်ဘာလ (၇)ရက်နေ့က ပြန်လည်ပြင်ဆင်ရကြောင်း သိရသည်။

“မီးပုံးပျံလွှတ်ကွင်းကို ခြံစည်းရိုးခတ်လိုက်တာကို တစ်ချို့ကြိုက်သလို တစ်ချို့ မကြိုက်ကြဘူး။ မီးပုံးပျံလွှတ်တဲ့အဖွဲ့တွေကတော့ သဘောကျကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လွှတ်တင်ဖို့ လွတ်လွတ်ကျွတ်ကျွတ် လုပ်ကိုင်နိုင်တဲ့အတွက် ကြိုက်ကြတယ်။ လာကြည့်တဲ့သူတွေတစ်ချို့ကတော့ မကြိုက်ဘူး။ ခြံစည်းရိုးခတ်လိုက်တာကတော့ မီးပုံးပျံလွှတ်တာတွေ အတော်လေးကို အနှောင့်အယှက်ကင်းတယ်။ ဒီတောင်ကြီးက လူတွေကတော့ သိကြတယ်။ အနားမကပ်ကြဘူး။ ဒါပေမဲ့ အဝေးကလာကြတဲ့သူတွေက မီးပုံးပျံလွှတ်ရင် အနားကပ်ပြီး ဆယ်လ်ဖီဆွဲတာ၊ ဓာတ်ပုံရိုက်တာ၊ ဓာတ်ပုံဆရာတွေကို မီးပုံပျံအောက်ကိုဝင်ပြီး ရိုက်တာတွေလုပ်ကြတော့ အန္တရာယ်များတယ်။ ဒီနှစ်တော့ ခြံစည်းရိုးခတ်လိုက်တော့ ဒါတွေကတော့ မစိုးရိမ်ရတော့ဘူး”ဟု မီးပုံးပျံအကဲဖြတ်ဒိုင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်၏ အထင်ကရ ရိုးရာပွဲတော်ဖြစ်သည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲတွင် မတော်တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမဖြစ်စေရန် မီးပုံးပျံများတွင် ယမ်းအသုံးပြုမှုကို ပညာရှင်များပါဝင်သည့်အဖွဲ့ဖြင့် စစ်ဆေးသည့်အပြင် မီးပုံးပျံလွှတ်တင်ရာနေရာတွင်လည်း မီးပုံးပျံလွှတ်တင်မည့်အဖွဲ့မှလွဲ၍ ဝင်ခွင့်မပြုဘဲ အကာအရံများဖြင့် ကာရံလိုက်ခြင်းဖြစ်သည်။

မီးပုံးပျံလွှတ်ကွင်းအား ကာရံထားသော်လည်း အပြင်မှ ကြည့်ရှုနိုင်ရန်နေရာကို စီစဉ်ပေးထားကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့တွင် နိုဝင်ဘာလ (၁၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး စိန်နားပန် စုစုပေါင်း (၁၁၅)လုံးတို့ ယှဉ်ပြိုင်လွှတ်တင်ကြမည်ဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

ဆက်စပ်သတင်းများ - 

  1. တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး၊ စိန်နားပန် (၁၁၅) လုံး ယှဉ်ပြိုင်လွှတ်တင်မည်
  2. တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း လုံခြုံရေးစိုးရိမ်မှုမရှိစေရေး ပြည်နယ်အစိုးရ စီမံဆောင်ရွက်နေ
  3.  တောင်ကြီး တန်ဆောင်တိုင်မီးပုံပျံပွဲတော်တွင် ဆုကြေးငွေများ တိုးမြှင့်ပေးထား
  4. တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း စစ်ဆေးတွေ့ရှိရသည့် စည်းကမ်းပျက်မော်တော်ယာဉ်များကို ပွဲတော်ပြီးဆုံးသည့် ကာလအထိ ခေတ္တသိမ်းဆည်းမည်  
  5. တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၏ တတိယနေ့တွင် နေ့လွှတ်အရုပ်ပေါင်း (၃၁)ရုပ်ယှဉ်ပြိုင်
  6. တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၏ စတုတ္ထနေ့တွင် နေ့လွှတ်အရုပ်ပေါင်း (၃၃)ရုပ် လွှတ်တင်ယှဉ်ပြိုင် 
     #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net