လိုင်စင်မဲ့ဆိုင်ကယ်များမှတ်ပုံတင်ပေးခြင်းကို ရှမ်းပြည်နယ်တွင်း ဆက်လက်ဆောင်ရွက်ပေးနေ

လိုင်စင်မဲ့ဆိုင်ကယ်များမှတ်ပုံတင်ပေးခြင်းကို ရှမ်းပြည်နယ်တွင်း ဆက်လက်ဆောင်ရွက်ပေးနေ
နိုဝင်ဘာ 27, 2019
By Tachileik News Agency

ရှမ်းပြည်နယ်တွင်း လိုင်စင်မဲ့ ဆိုင်ကယ်များအား ယာဉ်မှတ်ပုံတင်ထုတ်ပေးခြင်းကို ဆက်လက် လုပ်ဆောင်ပေးနေပြီး တာချီလိတ်တွင် ပျမ်းမျှအားဖြင့် နေ့စဉ်အစီးရေ (၃)စီးခန့် လာရောက် ဆောင်ရွက်နေကြကြောင်း သိရသည်။

“ကျွန်တော်တို့ ရုံးကိုလာမယ်။ ဆိုင်ကယ်မော်ဒယ် ဖတ်မယ်။ စာရွက်တွေနဲ့ အကောက်ခွန်သွားမယ်။ အကောက်ခွန်ကနေ ဘယ်လောက်ကျမယ်ပြောရင် ဘဏ်ချလန်စာရွက်ပေးမယ်။ ပိုင်ရှင်က ဘဏ်မှာ ငွေသွင်းမယ်။ ခရကရုံး(ခရိုင်အုပ်ချုပ်ရေးမှူးရုံး)မှာ လက်မှတ်ထိုးပြန်လာရင် ကျွန်တော်တို့က နံပါတ်ပြား ထုတ်ပေးမယ်။ တစ်ရက်မှ (၃၊ ၄) စီးဆိုတော့ မကြာပါဘူး။  မြန်ပါတယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ  တာချီလိတ်ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား One Stop Service ဖြင့် မှတ်ပုံတင်ပေးရေး စီမံချက်ကို ၂၀၁၇ ခုနှစ်၊ မတ်လ (၁) ရက်နေ့က စတင်၍ ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် လိုင်စင်မဲ့ ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းအား ဆက်လက်လုပ်ဆောင်ပေးနေခြင်းဖြစ်သည်။

ယာဉ်မှတ်ပုံတင်ပြုလုပ်မည့် ဆိုင်ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် စစ်ဆေးရေး အဖွဲ့က ဆိုင်ကယ်အမျိုးအစား၊ မော်ဒယ်သတ်မှတ်ချက်များ စိစစ်ပေးပြီး သတ်မှတ်ဒဏ်ကြေးအား မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းရမည်ဖြစ်ကြောင်း နှင့် သတ်မှတ်လိုင်စင်ကြေးနှင့် ပတ်သက်၍ ဆိုင်ကယ်၏ ခုနှစ်အား ကြည့်၍ သတ်မှတ်ခြင်း ဖြစ်ခြင်းကြောင့် လိုင်စင် ပြုလုပ်မည့် ဆိုင်ကယ်နှင့် လာရောက်ကာ သတ်မှတ်ကြေးနှုန်းမေးမြန်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒဏ်ကြေးပေးသွင်းပြီးကြောင်း ချလန်ဖြတ်ပိုင်းနှင့် အတူ မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါး ထိခိုက်နစ်နာမှု အာမခံကြေး ပေးဆောင်ပြီးပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်သက်သေခံလက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း  - ဟန်စိုးထိုက်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~