တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်တွင် နိုဝင်ဘာလ(၂၄)ရက်နေ့၌ သစ်ပင်ခြောက်နှစ်ပင်ဖယ်ရှားမည် ဖြစ်၍ လျှပ်စစ်မီး နေ့ပိုင်း (၄)နာရီကြာ ပြတ်တောက်နိုင်

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်တွင် နိုဝင်ဘာလ(၂၄)ရက်နေ့၌ သစ်ပင်ခြောက်နှစ်ပင်ဖယ်ရှားမည် ဖြစ်၍ လျှပ်စစ်မီး နေ့ပိုင်း (၄)နာရီကြာ ပြတ်တောက်နိုင်
နိုဝင်ဘာ 20, 2019
By Tachileik News Agency
တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်တွင် နိုဝင်ဘာလ(၂၄)ရက်နေ့၌ 
သစ်ပင်ခြောက်နှစ်ပင်ဖယ်ရှားမည် ဖြစ်၍ လျှပ်စစ်မီး နေ့ပိုင်း (၄)နာရီကြာ ပြတ်တောက်နိုင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)တွင် သစ်ပင်ခြောက်နှစ်ပင်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့တွင် ထိုင်းစည်ပင်က လာရောက် ခုတ်ထွင်ရှင်းလင်းမည်ဖြစ်၍  လိုအပ်ပါက လျှပ်စစ်မီး (၄) နာရီခန့် ဖြတ်တောက်မည်ဟု သိရသည်။

"သစ်ပင်က တနင်္ဂနွေနေ့ ခုတ်ဖို့လျာထားတယ်။ ဟိုဘက်ကမ်းက စည်ပင်က အဖွဲ့တွေလာမယ်။ မီးကလိုအပ်တယ်ဆိုရင် အဲဒီနေ့မှာ နည်းနည်းဖြတ်ရမယ်။ မလိုအပ်ရင်တော့မဖြတ်ဘူး။ သူတို့ကားတွေ ဝင်လာရင် နေရာကြည့်မယ်။ ကားသွားလို့ရတယ်ဆိုရင် မပိတ်ဘူး။ သစ်ကိုင်းတွေကျနိုင်တယ်ဆိုရင် အနေအထားပေါ်မူတည်ပြီး တံတားကို ခေတ္တပိတ်မှာပေါ့။ နီးရင်တော့ အတိအကျထုတ်ပြန်ပေးမယ်"ဟု ခေတ္တ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးဌာနမှ ကရိန်းကား နှစ်စီးဖြင့် သစ်ပင်ခြောက်ဖယ်ရှားခြင်းအား နံနက် (၉) နာရီဝန်းကျင်မှ စတင်လုပ်ဆောင်မည်ဖြစ်ရာ သစ်ပင်ခုတ်ထွင်ရှင်းလင်းရေးတွင် လျှပ်စစ်မီးကြိုးများဖြင့် မလွတ်ပါက နေ့လယ် (၁)နာရီမှ ညနေ (၅) နာရီအထိ လျှပ်စစ်မီးဖြတ်တောက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

"သစ်ပင်ခုတ်ဖို့က ဒီတစ်ပတ် တနင်္ဂနွေခုတ်ဖို့အတွက် မြို့နယ်ဥက္ကဌရော၊ စည်ပင်ရော အကြောင်းကြား ထားတယ်။ သူတို့ကို မနက် (၈) နာရီ သွားကြိုရမယ်။ (၉) နာရီမှာ ဒီဘက်ခြမ်းမှာ လုပ်ငန်းစမယ်။ လုပ်ငန်းလုပ်ချိန်မှာ မလိုအပ်ရင် မီးမပိတ်ဖို့တော့ ပြောထားတယ်။ လိုအပ်ရင်တော့ မီးပိတ်ရမှာပေါ့။ မီးမပိတ်ရအောင်တော့ လုပ်မှာပေါ့"ဟု တာချီလိတ်မြို့ မီးလင်းရေးရုံးမှာ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကုက္ကိုပင်များဖယ်ရှားရှင်းလင်းမှုအတွက် ကုန်ကျစရိတ် ထိုင်းဘတ်ငွေ (၄၂,၀၀၀)ဘတ်(မြန်မာကျပ်ငွေ ၂၁ သိန်း)ကို တာချီလိတ်မြို့ မီးလင်းရေးကော်မတီက ကျခံမည်ဖြစ်ကာ တာချီလိတ်မှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးဌာနက ခုတ်ထွင်ပြီးသစ်ကိုင်းများ ရှင်းလင်းရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေးတံတားပေါ်မှ ကုက္ကိုလ်ပင်ခြောက်နှစ်ပင် ခုတ်ထွင်ရှင်းလင်းရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့နှင့် မြို့မီးလင်းရေးကော်မတီတို့က တို့က ဆွေးနွေးပြီးနောက် သစ်ပင်ခုတ်လှဲခြင်းအား ထိုင်းနိုင်ငံဘက်မှ အကူအညီရယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို မြို့မီးလင်းရေးကော်မတီက ဝယ်ယူပြီး တစ်ဆင့်ပြန်လည် ရောင်းချဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ချစ်ကြည်ရေးတံတား (၁)မှ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းချိန်တွင် လျှပ်စစ်မီးကြိုးများ မထိခိုက်စေရေးနှင့် အန္တရာယ်ကင်းစေရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net