အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် “အမျိုးသားနေ့” ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလအတွင်း ကျင်းပမည်

အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် “အမျိုးသားနေ့” ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလအတွင်း ကျင်းပမည်
နိုဝင်ဘာ 9, 2019
By Tachileik News Agency
အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် “အမျိုးသားနေ့” ကျိုင်းတုံမြို့တွင် 
ဒီဇင်ဘာလအတွင်း ကျင်းပမည်

အာခါတိုင်းရင်းသားများ၏ စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဒေသအသီးသီးမှ အာခါတိုင်းရင်းသားများအပြင် လာအို၊ ထိုင်း၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့မှလည်း တက်ရောက်ကြမည်ဖြစ်သည်။

“အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် “အမျိုးသားနေ့”အခမ်းအနားပေါ့။ ဒါကတော့ ဘာသာရေးကို အခြေမခံဘူး။ အာခါတိုင်းရင်းသားအားလုံးနဲ့ ဆိုင်တဲ့ပွဲပေါ့။ ဒေသတွင်းက အာခါတိုင်းရင်းသားတွေရယ် တရုတ်၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်ကလည်း လာကြလိမ့်မယ်။ လာအိုနဲ့ ထိုင်းကတော့ အများဆုံး လာလိမ့်မယ်။ တရုတ်ကတော့ အဆိုတော်လောက်ပဲ လာလိမ့်မယ်။ ဗီယက်နမ်ကတော့ လာမယ်ဆိုရင် လေးငါးခြောက်ယောက်လောက် လာတတ်တယ်”ဟု တာချီလိတ်မြို့နယ် အာခါစာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး ဦးအားလယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံတွင် ကျင်းပလေ့ရှိသည့် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရမှလည်း တက်ရောက်လေ့ရှိကြခြင်းဖြစ်သည်။

ကျိုင်းတုံမြို့ နောင်တုံကန်အနီးရှိ မြို့မအားကစားကွင်းတွင် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိကျင်းပမည့် (၄၅)ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် “အာခါအမျိုးသား”နေ့ အခမ်းအနားအတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျိုင်းတုံမြို့တွင် အစည်းအဝေးကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးကို အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီက ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလနှင့် ဒေသအသီးသီးမှ အာခါစာပေနှင့် ယဉ်ကျေးမှုအသင်း၏ ကိုယ်စားလှယ်များ တက်ရောက်ကြသည်ဟု သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဦးလော်ဂျူး




 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net