ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် ငါးမူးသားရွှေဒင်္ဂါးပြားများ ထုတ်ဝေ

ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် ငါးမူးသားရွှေဒင်္ဂါးပြားများ ထုတ်ဝေ
နိုဝင်ဘာ 7, 2019
By Tachileik News Agency
ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် ငါးမူးသားရွှေဒင်္ဂါးပြားများ ထုတ်ဝေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသစ်ထုတ်ဝေပြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါသည့် ငါးမူးသား ရွှေဒင်္ဂါးပြားကို နပြေည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ပထမပတ်မှစ၍ ရောင်းချပြီဖြစ်သည်။

အသစ် သွန်းလောင်းသည့် ငါးမူးသားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏ အောက်တွင် Aung San အမည်ပါရှိမည်ဖြစ်ပြီး ဒင်္ဂါး၏ အနားပတ်လည်တွင် ''Central Bank of Myanmar''I''8.164 gm 999.9 Fine Glod'' ဟု အင်္ဂလိပ် စာလုံးဖြင့် ဖော်ပြထားကာ အခြားတစ်ဖက် မျက်နှာပြင်တွင် " မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂၀၁၉၊ ၅ မူးသား၊ ၉၉၉ ဒသမ ၉ သန့်စင်ရွှေ'' ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံပါဝင်သည့် တစ်ကျပ်သားရွှေဒင်္ဂါးပြားများကို ဗဟိုဘဏ်က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်က တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့ပြီး တစ်မတ်သား (ပုံစံသစ်)နှင့် တစ်ကျပ်သား(ပုံစံသစ်)စံချိန်မီ ရွှေဒင်္ဂါးများကို ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

စံချိန်မီရွှေဒင်္ဂါးများတွင် တစ်ကျပ်သားရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် သစ်ဆွဲနေသောဆင်ပုံ များ သွန်းလောင်းပြီး တစ်မတ်သား(ပုံစံသစ်)နှင့် တစ်ကျပ်သား(ပုံစံသစ်) စံချိန်မီ ရွှေဒင်္ဂါးများ၏ မျက်နှာပိုင်း ဗဟိုတွင် ဗိုလ်ချုပ်ပုံ သွန်းလောင်းထားသည်။

ရွှေဒင်္ဂါးများကို နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ကျပ် (၂၅၀၀၀) ထပ်ပေါင်းသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ကြမည်ဖြစ်ပြီး အသစ်သွန်းလောင်းထားသည့် ငါးမူးသားရွှေဒင်္ဂါး ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာန အကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်းတည်း ပါရှိမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net