တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၏ (၅)ရက်မြောက်နေ့တွင် နေ့လွှတ်အရုပ်ပေါင်း (၃၅)ရုပ်လွှတ်တင် ယှဉ်ပြိုင်

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၏ (၅)ရက်မြောက်နေ့တွင် နေ့လွှတ်အရုပ်ပေါင်း (၃၅)ရုပ်လွှတ်တင် ယှဉ်ပြိုင်
နိုဝင်ဘာ 8, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ၏ (၅)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် နေ့လွှတ်အရုပ်ပေါင်း (၃၅)ရုပ်ကို လွှတ်တင်ယှဉ်ပြိုင်ခဲ့ကြပြီး ညပိုင်း၌ ညမီးကြီး စိန်နားပန် (၁၆)ဖွဲ့က ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပဉ္စမနေ့ နေ့လွှတ်အရုပ်များ ယှဉ်ပြိုင်ရာတွင် သစ်တောက်ငှက်၊ ဖိုဝင်ငှက်၊ အောက်ချင်း၊ သိန်းငှက်၊ ကြက်တူရွေး၊ ဟင်္သာ၊ ကာဒီနယ်၊ ဘဲခေါင်းစိမ်း၊ ကြက်ဖ၊ ကတ္တဝါ၊ ငြိမ်းချမ်းရေးခို၊ ကြက်သားပေါက်၊ ပိန်ညှင်း၊ ငှက်မင်းသား၊ ဒေါင်းခို၊ ရမြေင်း၊ သင်းခွေချပ်၊ ဆင်၊ ကြံ့၊ ဝံပုလွေ၊ လူဝံ၊ မြင်းကျား၊ မြင်း၊ ဆင်၊ ဆင်ဖြူတော်၊ ပြောင်၊ ဂျိုးဖြူနှင့် ပန်ဒါရုပ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလအတွင်း နေ့လွှတ်အရုပ်ပေါင်း (၂၈၁)ရုပ်နှင့် ညမီးကြီး၊ စိန်နားပန် စုစုပေါင်း (၁၁၅)လုံးတို့ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့မှ နိုဝင်ဘာလ (၁၁)ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး နိုဝင်ဘာလ (၁၂)ရက်နေ့တွင် အနိုင်ရအဖွဲ့များအား ဆုများချီးမြှင့်မည်ဖြစ်ကာ ဆုကြေးငွေများကိုလည်း ယခုနှစ်တွင် တိုးမြှင့်ထားခြင်းဖြစ်သည်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်မှာ ရှမ်းပြည်နယ်၏ ထင်ရှားလှသည့် ရိုးရာပွဲတော်တစ်ခုဖြစ်ကာ ရိုးရာမီးပုံးပျံပညာဖြင့် ပြုလုပ်ထားသည့် မီးပုံးပျံအလှမျိုးစုံကို ယှဉ်ပြိုင်လွှတ်တင်လေ့ရှိပြီး နေ့လွှတ်အရုပ်များမှာ ယမ်းအသုံးပြုခြင်းမရှိဘဲ အရုပ်အလှကိုဦးစားပေး၍ လွှတ်တင်ခြင်းဖြစ်ကာ ညမီးကြီး စိန်နားပန်မှာ ကောင်းကင်တွင် ယမ်းများလှပစွာ ပေါက်ကွဲစေရန် လုပ်ဆောင်ချက်များပါဝင်ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

ဆက်စပ်သတင်းများ - 


 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net