ပြည်နယ်အစိုးရက တရားစွဲထားသည့် ကရင်နီလူငယ်(၆)ဦးကို (၁၈)ကြိမ်မြောက် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်

ပြည်နယ်အစိုးရက တရားစွဲထားသည့် ကရင်နီလူငယ်(၆)ဦးကို (၁၈)ကြိမ်မြောက် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်
အောက်တိုဘာ 29, 2019
By Tachileik News Agency

နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ (၁၀) ဖြင့် ကယားပြည်နယ်အစိုးရက တရားစွဲဆိုထားသည့် ကရင်နီလူငယ် (၆) ဦးအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် အပြီးသတ် အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ခုလောလောဆယ်ထိ ဒီအမှုကိုအပြီးသတ် လျှောက်လွဲချက်တင်ပြီးပြီ။ နောက်တစ်ချိန်း (၇) ရက်နေ့ ရုံးချိန်းမှာတော့ အမိန့်ချတော့မှာ ဖြစ်ပါတယ်” ဟု ကရင်နီလူငယ်များဖက်မှ လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ပိုးရယ်ခူးတလေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားစွဲဆိုခံထားရသည့် ကရင်နီလူငယ် (၆)ဦးအား အောက်တိုဘာလ (၂၉) ရက်နေ့က (၁၇) ကြိမ်မြောက် ရုံးချိန်းအဖြစ် လွိုင်ကော်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ရာတွင် ကရင်နီလူငယ်များက နှုတ်စာလျှောက်လွဲချက် တင်သွင်းခဲ့ခြင်းဖြစ်သည်။

လွိုင်ကော်မြို့ ကန္ဒါဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိခြင်းနှင့်ပတ်သက်၍ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့အား နိုင်ငံရေး ရာဇဝတ်ကောင်များ၊ အမျိုးသားသစ္စာဖောက်များအဖြစ် ရေးသားထားသည့် ထုတ်ပြန်ကြေညာချက် တစ်စောင်နှင့်ပတ်သက်၍ ခူးကြူးဖဲကေး၊ ကိုဂျွန်ပေါ၊ ကိုမျိုးလှိုင်ဝင်း၊ ခွန်သောမတ်စ်၊ ကိုဒီးဒီနှင့် ခူးရီးဒူတို့အား မေလ (၁၆) ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net