စိတ်ကြွဆေးပြားထုတ်လုပ်ရာ၌ အသုံးပြုသည့် ကဖင်း (၂၆၅၀)ကီလိုနှင့် သယ်ဆောင်လာသူ(၃)ဦးအား မြန်မာ - လာအိုနယ်စပ်ဒေသတွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့မှ (၄)ရက်အတွင်း ဖမ်းဆီးရမိ

စိတ်ကြွဆေးပြားထုတ်လုပ်ရာ၌ အသုံးပြုသည့် ကဖင်း (၂၆၅၀)ကီလိုနှင့် သယ်ဆောင်လာသူ(၃)ဦးအား မြန်မာ - လာအိုနယ်စပ်ဒေသတွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့မှ (၄)ရက်အတွင်း ဖမ်းဆီးရမိ
စက်တင်ဘာ 9, 2019
By Tachileik News Agency

မြန်မာ - လာအိုနယ်စပ်ဒေသ၊ ကျိုင်းလပ် နှင့် တာလေအကြားတွင် တပ်မတော်နှင့်ရဲတပ်ဖွဲ့တို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည့် (၄)ရက်တာ ကာလအတွင်း စိတ်ကြွဆေးပြားများထုတ်လုပ်ရာတွင် အသုံးပြုသည့် ကဖင်း ကီလိုပေါင်း (၂၆၅၀)အား သိမ်းဆည်းရမိပြီး သယ်ဆောင်လာသူ (၃)ဦးကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ် နှင့် တာလေသွားလမ်းပေါ်တွင် စက်တင်ဘာလ(၅)ရက်နေ့ နေ့လည် (၁)နာရီဝန်းကျင်အချိန်က တပ်မတော် နှင့် မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် အားချီမောင်းလာသည့် မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာက ဘိလပ်မြေအိတ်ခွံများဖြင့် ထည့်ထားသည့် ကဖင်း ကီလို(၁၀၀၀)အား တွေ့ရှိသိမ်းဆည်းနေစဉ်တွင် ဆက်လက်၍ အားရို ဆိုသူ ကားမောင်းပြီး အားဆော်လိုက်ပါလာသည့် မော်တော်ယာဉ် ရောက်လာရာ ပူးပေါင်းအဖွဲ့က ရပ်တန့်ခိုင်းစဉ်၎င်းသည် ရပ်တန့်ခြင်း မပြုဘဲ မောင်းနှင်ထွက်ပြေးသည့်အတွက် သတိပေးပစ်ခတ်ရာမှ အားရို၏ ဝဲဘက်ခြေကျင်းဝတ်တွင် သေနတ်ထိမှန်ကာ ဒဏ်ရာရသွားပြီး ဖမ်းဆီးရမိသည့်အပြင်၎င်း၏ ယာဉ်ပေါ်က ကဖင်း ကီလို(၉၅၀)ကိုလည်း ထပ်မံ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ကဖင်းများ၏ ပိုင်ရှင်ဟုဆိုသည့် ကျဘိုဆိုသူမှာ မော်တော်ယာဉ်ဖြင့် အနောက်က လိုက်လာစဉ် ပူးပေါင်းအဖွဲ့မှ စစ်ဆေးနေသည်ကို တွေ့ရှိရသည့်အတွက် ရှေ့ဆက်မလာတော့ဘဲ ယာဉ်အားနောက်ပြန်လှည့်မောင်းနှင်ထွက်ပြေးသွားသည်ကို စစ်ဆေးသိရှိရသည့်အတွက် ပူးပေါင်းအဖွဲ့က ဆက်လက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ စက်တင်ဘာလ(၇)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန်က ကျိုင်းလပ်မြို့၊ နမ့်ခင်း ကျေးရွာအုပ်စု၊ ကျကကျေးရွာနှင့် ကော်မိုက်ဟုန်းကျေးရွာကြား၊ ရေချောင်းအတွင်း၌ ကျဘို မောင်းနှင်သည့် မော်တော်ယာဉ်အား ရပ်တန့်ထားသည်ကို တွေ့ရှိရပြီး ယာဉ်ပေါ်တွင် ကဖင်း (၆၅၀)ကီလိုကို တွေ့ရှိရသည့်အပြင် အဆိုပါနေရာနှင့်အနီးတွင် ကဖင်း(၂၅)ကီလိုကို တွေ့ရှိသိမ်းဆည်းရမိသော်လည်း ကျဘိုဆိုသူအား ရှာဖွေတွေ့ရှိရခြင်း မရှိကြောင်း သိရသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့မှ စက်တင်ဘာလ(၈)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်အချိန်က ကျကကျေးရွာနှင့် ကော်မိုက်ဟုန်းကျေးရွာကြား၊ တောင်ခြေလယ်ကွက် လယ်ကန်သင်းဘောင်တွင် မြက်ခင်းများဖြင့် ဖုံးအုပ်ထားသည့် ကဖင်း (၂၅)ကီလိုကိုလည်း ထပ်မံသိမ်းဆည်းရမိကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ ထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းပစ္စည်းဖြစ်သည့် ကဖင်းများအား မြန်မာ - လာအိုနယ်စပ်ဒေသဖြစ်သည့် ကျိုင်းလပ်မြို့တွင် မကြာခဏ ဖမ်းဆီးရရှိမှုများရှိကြောင်း သိရသည်။

"ဒီကဖင်းတွေကို စိတ်ကြွဆေးပြားထုတ်တဲ့နေရာမှာ အသုံးပြုတဲ့ အဓိက ကုန်ကြမ်းပေါ့၊ တော်တော်များများကတော့ ကျိုင်းလပ် နဲ့ တာလေအကြားမှ ဖမ်းမိတာများတယ်"ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 ဖမ်းဆီးသိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးကုန်းကြမ်းပစ္စည်းများနှင့် ပတ်သက်၍ လက်ရှိဖမ်းဆီးရမိသည့် အားရို၊ အားချီ နှင့် အားဆော်ဆိုသူတို့အား စစ်ဆေးမှုများ ပြုလုပ်နပြေီး ကျဘိုဆိုသူအား ဖမ်းဆီးရမိရေးအတွက် မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ)၆/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၆(ခ)/၂၁ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net