ရခိုင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ မေလးရွားဝန္ႀကီးခ်ဳပ္၏ေျပာၾကားခ်က္အေပၚ ျမန္မာကန္႔ကြက္

ရခိုင္ျပည္နယ္အေရးႏွင့္ပတ္သက္၍ မေလးရွားဝန္ႀကီးခ်ဳပ္၏ေျပာၾကားခ်က္အေပၚ ျမန္မာကန္႔ကြက္
သြဂုတ် 1, 2019
By 🌸
ျမန္မာႏုိင္ငံႏွင့္ပတ္သက္၍ မေလးရွားႏုိင္ငံဝန္ႀကီးခ်ဳပ္က သတင္းမီဒီယာမ်ားသို႔ ေျပာၾကားခ်က္အေပၚ ျမန္မာႏုိင္ငံက လက္မခံေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ မေလးရွားသံအမတ္ႀကီးအား ျမန္မာႏုိင္ငံျခားေရး ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္က ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၃၁)ရက္ေန႔တြင္ ကန္႔ကြက္ေျပာၾကားလိုက္သည္။

မေလးရွားႏိုင္ငံ၊ ဝန္ႀကီးခ်ဳပ္၏ မၾကာေသးမီက သတင္းမီဒီယာႏွင့္ေတြ႕ဆုံစဥ္ ေျပာၾကားခဲ့သည့္ ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ရခိုင္ျပည္နယ္မွ ေနရပ္စြန႔္ခြာသူမ်ားအား ႏိုင္ငံသားေပးသင့္ေၾကာင္း၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ နယ္ေျမေပးသင့္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတြင္ အစုလိုက္အၿပဳံလိုက္ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ား ျဖစ္ေပၚေနေၾကာင္း ေျပာၾကားခဲ့မႈအေပၚ ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္က ကန႔္ကြက္ေျပာၾကားလုိက္ျခင္းျဖစ္သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးျမင့္သူက ရန္ကုန္ၿမိဳ႕အေျခစိုက္ ျမန္မာႏိုင္ငံဆိုင္ရာ မေလးရွားသံအမတ္ႀကီး H.E. Mr. Zahairi Baharim အား ဇူလုိင္လ (၃၁)ရက္ေန႔ ညေန (၃)နာရီအခ်ိန္တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္၏ ဧည့္ခန္းမ၌ ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။

မေလးရွားဝန္ႀကီးခ်ဳပ္၏ေျပာၾကားခ်က္မ်ားသည္ ရခိုင္ျပည္နယ္တြင္ တည္ၿငိမ္ေအးခ်မ္းမႈ၊ ဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ အသိုက္အဝန္းမ်ားအၾကား သဟဇာတျဖစ္မႈအတြက္ ေရရွည္ တည္တံ့မည့္ အေျဖရရွိရန္ ျမန္မာအစိုးရႏွင့္ အာဆီယံတို႔ ပူးေပါင္းေဆာင္႐ြက္ေနမႈမ်ားကို အေထာက္အကူမျပဳသည့္အျပင္ တစ္ႏိုင္ငံ၏ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္း မျပဳရန္ႏွင့္ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈႏွင့္ နယ္ေျမတည္တံ့ခိုင္ၿမဲမႈကို ေလးစားလိုက္နာရန္ဟူေသာ အာဆီယံ၏ မူဝါဒမ်ားကိုလည္း ေသြဖည္ရာေရာက္ေနေၾကာင္း ေျပာၾကားခဲ့သည္။

ျမန္မာႏိုင္ငံတြင္ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ား ျဖစ္ပြားေနသည္ဟူေသာ တစ္ဖက္သတ္ စြပ္စြဲေျပာၾကားမႈမ်ားမွာလည္း အျပဳသေဘာမေဆာင္သည့္အျပင္ အာဆီယံပဋိညာဥ္ပါမူဝါဒမ်ားကိုလည္း ခ်ိဳးေဖာက္ရာေရာက္သည့္အတြက္ ျမန္မာႏိုင္ငံအေနျဖင့္ လက္မခံေၾကာင္း ကန႔္ကြက္ေျပာၾကားခဲ့သည္ဟု ျမန္မာႏုိင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

Tachileik News Agency
Photo: MOFA

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ မလေးရှားဝန်ကြီးချုပ်၏ပြောကြားချက်အပေါ် မြန်မာကန့်ကွက်
**************
မြန်မာနိုင်ငံနှင့်ပတ်သက်၍ မလေးရှားနိုင်ငံဝန်ကြီးချုပ်က သတင်းမီဒီယာများသို့ ပြောကြားချက်အပေါ် မြန်မာနိုင်ငံက လက်မခံကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးအား မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့တွင် ကန့်ကွက်ပြောကြားလိုက်သည်။

မလေးရှားနိုင်ငံ၊ ဝန်ကြီးချုပ်၏ မကြာသေးမီက သတင်းမီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား နိုင်ငံသားပေးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေပေးသင့်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့မှုအပေါ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ကန့်ကွက်ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Zahairi Baharim အား ဇူလိုင်လ (၃၁)ရက်နေ့ ညနေ (၃)နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မလေးရှားဝန်ကြီးချုပ်၏ပြောကြားချက်များသည် ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အသိုက်အဝန်းများအကြား သဟဇာတဖြစ်မှုအတွက် ရေရှည် တည်တံ့မည့် အဖြေရရှိရန် မြန်မာအစိုးရနှင့် အာဆီယံတို့ ပူးပေါင်းဆောင်ရွက်နေမှုများကို အထောက်အကူမပြုသည့်အပြင် တစ်နိုင်ငံ၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်နှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာရန်ဟူသော အာဆီယံ၏ မူဝါဒများကိုလည်း သွေဖည်ရာရောက်နေကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပွားနေသည်ဟူသော တစ်ဖက်သတ် စွပ်စွဲပြောကြားမှုများမှာလည်း အပြုသဘောမဆောင်သည့်အပြင် အာဆီယံပဋိညာဉ်ပါမူဝါဒများကိုလည်း ချိုးဖောက်ရာရောက်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်း ကန့်ကွက်ပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်အရ သိရသည်။

Tachileik News Agency
Photo: MOFA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net