တရုတ်နိုင်ငံမှ အလိုရှိနေသည့် တရားခံပြေးနှင့်အဖွဲ့အား တာချီလိတ်ခရိုင်အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးအရေးယူပြီးနောက် ငွေဒဏ်ရိုက်ကာ ပြည်နှင်ဒဏ်ပေး

တရုတ်နိုင်ငံမှ အလိုရှိနေသည့် တရားခံပြေးနှင့်အဖွဲ့အား တာချီလိတ်ခရိုင်အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးအရေးယူပြီးနောက် ငွေဒဏ်ရိုက်ကာ ပြည်နှင်ဒဏ်ပေး
ဇူလိုင် 11, 2019
By Tachileik News Agency


 


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရပြီး တရုတ်နိုင်ငံမှ အလိုရှိနေသည့် တရားခံပြေး အပါအဝင် တရုတ်နိုင်ငံသား (၄) ဦးကို တစ်ဦးလျှင် ငွေဒဏ် ကျပ်သိန်း(၂၀)စီ သတ်မှတ်ကာ ပြစ်ဒဏ်ပေးပြီးနောက် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့ နေ့လည် (၁၂) နာရီတွင် အမည်မည်းစာရင်း(Black List) ရေးသွင်းကာ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံသား(၄) ဦးဖြစ်သည့် Mr Gong Yehua၊ Mr Lin Dongjian၊ Mr Mao Jianlei၊ Mr Song Xiaosu တို့နှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ဇွန်လ (၅) ရက်နေ့ နံနက် (၇) နာရီအချိန်က မိုင်းဖြတ်ဘက်မှ မိုင်းယောင်းဘက်သို့ မောင်းနှင်လာသည့် Toyota Wish ခဲရောင်မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာတွင် မိုင်းယောင်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့ဖမ်းဆီးရာ နံနက် (၇) နာရီ (၄၅) မိနစ်အချိန်ခန့်တွင် မိုင်းယောင်းမြို့အဝင်ဆိုင်းဘုတ်အနီး၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ရာတွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု ဝမ်ပုံရှိ မဲခေါင်မြစ်က တဆင့် တရားမဝင် ဝင်ရောက်လာသူများ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် မိုင်းယောင်းမြို့မရဲစခန်း၌ ၂၀၁၉ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် (ပ)၉/၂၀၁၉၊ လဝကအက်-၁၃(၁)/၁၃(၅) အရအမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တရုတ်နိုင်ငံသား (၄) ဦးကို လဝကအက်ဥပဒေပုဒ်မ ၃(၁)ကျူး/၁၃(၁)အရ ပြစ်မှုထင်ရှားသဖြင့် တစ်ဦးလျှင်ဒဏ်ငွေ ကျပ်သိန်း (၂၀) ကျခံစေရန်နှင့် ဒဏ်ငွေမဆောင်ပျက်ကွက်ပါက ထောင်ဒဏ် (၆) လကျခံစေရန် အမိန်ချမှတ်ရာ တရားခံများမှ ဒဏ်ငွေပေးဆောင်ခဲ့သဖြင့် ပြစ်ဒဏ်မှလွတ်မြောက်ခဲ့ပြီးနောက် မိုင်းယောင်းမြို့နယ်ရဲစခန်းမှ တာချီလိတ်လေဆိပ်သို့ ခေါ်ဆောင်လာပြီး   လေကြောင်းခရီးစဉ်ဖြင့် မန္တလေးသို့ပို့ဆောင်ကာ လေဆိပ်တာဝန်ကျ လဝကအရာရှိမှတဆင့် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်မှ တရားခံပြေးများ နှင့် တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားများ ပေါများသည့် နည်းတူ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများနှင့် ယခုလို တရားခံပြေး တရုတ်နိုင်ငံသားများကိုလည်း ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများတွင် မကြာခဏ ဖမ်းဆီးရရှိမှုများရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net