နယ္စပ္ျဖတ္ေက်ာ္မီးခိုးေငြ႕ႏွင့္ ေဒသတြင္းေတာင္ယာမီးမ်ားေၾကာင့္ တာခ်ီလိတ္တြင္ မီးခိုးျမဴေလွ်ာ့ခ်ေရးႏွင့္ က်န္းမာေရးအသိေပးမႈ ဆက္လက္လုပ္ေဆာင္ေန

နယ္စပ္ျဖတ္ေက်ာ္မီးခိုးေငြ႕ႏွင့္ ေဒသတြင္းေတာင္ယာမီးမ်ားေၾကာင့္ တာခ်ီလိတ္တြင္ မီးခိုးျမဴေလွ်ာ့ခ်ေရးႏွင့္ က်န္းမာေရးအသိေပးမႈ ဆက္လက္လုပ္ေဆာင္ေန
မတ် 15, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္နီးခ်င္းထုိင္းႏိုင္ငံမွ နယ္စပ္ျဖတ္ေက်ာ္ မီးခိုးေငြ႕မ်ားႏွင့္ ေဒသတြင္း ေတာင္ယာမီးရိႈ႕မႈမ်ားေၾကာင့္ မီးခိုးျမဴဖံုးလႊမ္းေနရာ လူစည္ကားသည့္ေနရာမ်ားတြင္ မီးခိုးေငြ႕ေလွ်ာ့ခ်ရန္ ေရဖ်န္းျခင္းႏွင့္ က်န္းမာေရးအသိပညာေပးျခင္း၊ ႏွာေခါင္းစည္းမ်ား အခမဲ့ေဝငွေပးျခင္းတုိ႔ကို ဌာနေပါင္းစံုပါဝင္သည့္အဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၁၅)ရက္ေန႔က ဆက္လက္လုပ္ေဆာင္ေနသည္ကို ေတြ႔ရသည္။

တာခ်ီလိတ္ၿမိဳ႕ႏွင့္ကပ္ေနသည့္ တစ္ဖက္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕၏ ေလထုညစ္ညမ္းမႈမွာ အႏၱရာယ္ရိွသည့္အဆင့္တြင္ ေရာက္ေနၿပီး တာခ်ီလိတ္ၿမိဳ႕တြင္လည္း မီးခိုးေငြ႕ေၾကာင့္ အသက္ရႈၾကပ္ျခင္း၊ မ်က္လံုးစပ္ျခင္းစသည့္ က်န္းမာေရးျပႆနာမ်ားကို ခံစားေနရသျဖင့္ ဌာနေပါင္းစံုပါဝင္သည့္အဖြဲ႕ျဖင့္ ၿမိဳ႕တြင္း အခ်က္အခ်ာေနရာမ်ားတြင္ မီးသတ္ကားမ်ားျဖင့္ ေရဖ်န္း၍ မီးခိုးေငြ႕ေလွ်ာ့ခ်ျခင္း၊ အမ်ားျပည္သူအတြက္ ႏွာေခါင္းစည္းမ်ားကို အခမဲ့ေဝငွျခင္းတုိ႔ကို မတ္လ (၁၄)ရက္ေန႔က စတင္လုပ္ေဆာင္လာျခင္းျဖစ္သည္။

မီးခိုုးျမဴဖံုးလႊမ္းၿပီး ေလထုအတြင္း အမႈန္ပါဝင္မႈမ်ားလာသည့္ ေလထုညစ္ညမ္းမႈျဖစ္ပြားေနသျဖင့္ အသက္ရႈၾကပ္ျခင္းျဖစ္ပြားပါက ေဆးရံုသို႔အျမန္ဆံုး လာေရာက္ၾကရန္ႏွင့္ လူနာတင္ယာဥ္မ်ား အဆင္သင့္ျပင္ဆင္ထားေၾကာင္း မတ္လ (၁၄)ရက္ေန႔မွစ၍ လူထုအား အသိေပးထားေၾကာငး္ သိရသည္။

ေလထုညစ္ညမ္းမႈျဖစ္ေနခ်ိန္တြင္ ကေလးသူငယ္မ်ား၊ သက္ႀကီးရြယ္အိုမ်ားႏွင့္ က်န္းမာေရးမေကာင္းသူမ်ား အထူးဂရုစိုက္သင့္ၿပီး အျပင္ထြက္သြားလာခ်ိန္တြင္ ႏွာေခါင္းစည္းမ်ား တပ္ဆင္ျခင္း၊ ဖုန္မႈန္႔၊ မီးခိုးတို႔ေၾကာင့္ မ်က္စိယားယံမႈ၊ ဓါတ္မတည့္မႈမ်ား ျဖစ္ပြားပါက ကေလးမ်ားအေနျဖင့္ မ်က္လံုးအား လက္ျဖင့္မပြတ္မိေစဘဲ ေအးျမေသာပိတ္စကပ္ေပးျခင္း၊ ေနအိမ္ျပတင္းေပါက္မ်ား ပိတ္ထားၿပီး အမႈန္မ်ားဝင္ေရာက္မႈကို ကာကြယ္ျခင္း၊ ေနကာမ်က္မွန္တပ္ျခင္း၊ အသက္ရႈၾကပ္သည္ဟု ခံစားရပါက ေဆးရံုသို႔သြားေရာက္ျခင္းတုိ႔ျဖင့္ လုပ္ေဆာင္သင့္ေၾကာင္း ဆရာဝန္မ်ားက တုိက္တြန္းထားသည္။

Tachileik News Agency
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နယ်စပ်ဖြတ်ကျော်မီးခိုးငွေ့နှင့် ဒေသတွင်းတောင်ယာမီးများကြောင့် တာချီလိတ်တွင် မီးခိုးမြူလျှော့ချရေးနှင့် ကျန်းမာရေးအသိပေးမှု ဆက်လက်လုပ်ဆောင်နေ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အိမ်နီးချင်းထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့များနှင့် ဒေသတွင်း တောင်ယာမီးရှို့မှုများကြောင့် မီးခိုးမြူဖုံးလွှမ်းနေရာ လူစည်ကားသည့်နေရာများတွင် မီးခိုးငွေ့လျှော့ချရန် ရေဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှပေးခြင်းတို့ကို ဌာနပေါင်းစုံပါဝင်သည့်အဖွဲ့ဖြင့် ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့က ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

တာချီလိတ်မြို့နှင့်ကပ်နေသည့် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၏ လေထုညစ်ညမ်းမှုမှာ အန္တရာယ်ရှိသည့်အဆင့်တွင် ရောက်နေပြီး တာချီလိတ်မြို့တွင်လည်း မီးခိုးငွေ့ကြောင့် အသက်ရှုကြပ်ခြင်း၊ မျက်လုံးစပ်ခြင်းစသည့် ကျန်းမာရေးပြဿနာများကို ခံစားနေရသဖြင့် ဌာနပေါင်းစုံပါဝင်သည့်အဖွဲ့ဖြင့် မြို့တွင်း အချက်အချာနေရာများတွင် မီးသတ်ကားများဖြင့် ရေဖျန်း၍ မီးခိုးငွေ့လျှော့ချခြင်း၊ အများပြည်သူအတွက် နှာခေါင်းစည်းများကို အခမဲ့ဝေငှခြင်းတို့ကို မတ်လ (၁၄)ရက်နေ့က စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။

မီးခိုးမြူဖုံးလွှမ်းပြီး လေထုအတွင်း အမှုန်ပါဝင်မှုများလာသည့် လေထုညစ်ညမ်းမှုဖြစ်ပွားနေသဖြင့် အသက်ရှုကြပ်ခြင်းဖြစ်ပွားပါက ဆေးရုံသို့အမြန်ဆုံး လာရောက်ကြရန်နှင့် လူနာတင်ယာဉ်များ အဆင်သင့်ပြင်ဆင်ထားကြောင်း မတ်လ (၁၄)ရက်နေ့မှစ၍ လူထုအား အသိပေးထားကြောင်း သိရသည်။

လေထုညစ်ညမ်းမှုဖြစ်နေချိန်တွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများ အထူးဂရုစိုက်သင့်ပြီး အပြင်ထွက်သွားလာချိန်တွင် နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ ဖုန်မှုန့်၊ မီးခိုးတို့ကြောင့် မျက်စိယားယံမှု၊ ဓါတ်မတည့်မှုများ ဖြစ်ပွားပါက ကလေးများအနေဖြင့် မျက်လုံးအား လက်ဖြင့်မပွတ်မိစေဘဲ အေးမြသောပိတ်စကပ်ပေးခြင်း၊ နေအိမ်ပြတင်းပေါက်များ ပိတ်ထားပြီး အမှုန်များဝင်ရောက်မှုကို ကာကွယ်ခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အသက်ရှုကြပ်သည်ဟု ခံစားရပါက ဆေးရုံသို့သွားရောက်ခြင်းတို့ဖြင့် လုပ်ဆောင်သင့်ကြောင်း ဆရာဝန်များက တိုက်တွန်းထားသည်။

Tachileik News Agency
ဓါတ်ပုံ #ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net