ဧရာဝတီျမစ္ေရလမ္းဖြံ႕ၿဖိဳးေရးအတြက္ ဘတ္ဂ်က္ က်ပ္ (၃၂၁၇) သန္းေတာင္းခံထားသည့္အနက္ ခြင့္ျပဳေငြ (၄၉၆)သန္းရရိွ

ဧရာဝတီျမစ္ေရလမ္းဖြံ႕ၿဖိဳးေရးအတြက္ ဘတ္ဂ်က္ က်ပ္ (၃၂၁၇) သန္းေတာင္းခံထားသည့္အနက္ ခြင့္ျပဳေငြ (၄၉၆)သန္းရရိွ
မတ် 10, 2019
By 🌸
ဧရာဝတီျမစ္ေရလမ္းဖြံ႕ၿဖိဳးေရးအတြက္ ဧရာဝတီတုိင္းေဒသႀကီးအတြင္း ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္တြင္ က်ပ္သန္းေပါင္း (၃၂၁၇)ခြင့္ျပဳရန္ ေရအရင္းအျမစ္ႏွင့္ ျမစ္ေခ်ာင္းမ်ားဖြံ႔ၿဖိဳးတိုးတက္ေရးဦးစီးဌာနက ဘတ္ဂ်က္ေတာင္းခံထားသည့္အနက္ ခြင့္ျပဳေငြ (၄၉၆)သန္း ရရိွထားေၾကာင္း သိရသည္။

ျပည္ေထာင္စုအစိုးရရန္ပုံေငြ က်ပ္သန္း (၂၈၀၀)ႏွင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႔ရန္ပုံေငြတြင္ က်ပ္ (၄၁၇) သန္း အသီးသီးလ်ာထားတင္ျပခဲ့ေသာ္လည္း ျပည္ေထာင္စု အစိုးရရန္ပုံေငြက်ပ္ (၂၉၆) သန္းႏွင့္ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႔ရန္ပုံေငြ က်ပ္သန္း (၂၀၀)ကိုသာ ခြင့္ျပဳေငြရရိွခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးက ျပည္သူ႔လႊတ္ေတာ္တြင္ ေျပာၾကားသည္။

တုိင္းေဒသႀကီးအစိုးရအဖြဲ႔ရန္ပုံေငြက်ပ္သန္း (၂၀၀) ျဖင့္ ေရနက္စီးေၾကာင္းမ်ားေၾကာင့္ ကမ္းပါးအိက်ေနသည့္ ဇလြန္-အိုးဘို-သဲကုန္းဆည္ေျမာင္း တာတမံမ်ားေရွ႕ကပ္လ်က္ ေရစီးေၾကာင္းစီးဆင္းမႈကို ေလ်ာ့နည္းသက္သာေစမည့္လုပ္ငန္းမ်ား ေဆာင္ရြက္မည္ျဖစ္ကာ ျပည္ေထာင္စုအစိုးရအဖြဲ႔ရန္ပုံေငြက်ပ္ (၂၉၆) သန္းျဖင့္ ေသာင္တူးျခင္းလုပ္ငန္းကို မတ္လလယ္ခန္႔မွစ၍ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၁)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး (၂၁)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၆)ရက္ေန႔တြင္ ဇလြန္မဲဆႏၵနယ္မွ ဦးေအာင္မင္းက ၂၀၁၈-၁၉ ခုႏွစ္ ဘတ္ဂ်က္ခြင့္ျပဳခ်က္ျဖင့္ ဧရာ၀တီျမစ္ ေရလမ္းဖြံ႕ၿဖိဳးေရးလုပ္ငန္းေဆာင္ရြက္မည့္အေျခအေနကို ေမးျမန္းခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက် ကျပ် (၃၂၁၇) သန်းတောင်းခံထားသည့်အနက် ခွင့်ပြုငွေ (၄၉၆)သန်းရရှိ
**************
ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း (၃၂၁၇)ခွင့်ပြုရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘတ်ဂျက်တောင်းခံထားသည့်အနက် ခွင့်ပြုငွေ (၄၉၆)သန်း ရရှိထားကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရရန်ပုံငွေ ကျပ်သန်း (၂၈၀၀)နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် ကျပ် (၄၁၇) သန်း အသီးသီးလျာထားတင်ပြခဲ့သော်လည်း ပြည်ထောင်စု အစိုးရရန်ပုံငွေကျပ် (၂၉၆) သန်းနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သန်း (၂၀၀)ကိုသာ ခွင့်ပြုငွေရရှိခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ်သန်း (၂၀၀) ဖြင့် ရေနက်စီးကြောင်းများကြောင့် ကမ်းပါးအိကျနေသည့် ဇလွန်-အိုးဘို-သဲကုန်းဆည်မြောင်း တာတမံများရှေ့ကပ်လျက် ရေစီးကြောင်းစီးဆင်းမှုကို လျော့နည်းသက်သာစေမည့်လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ရန်ပုံငွေကျပ် (၂၉၆) သန်းဖြင့် သောင်တူးခြင်းလုပ်ငန်းကို မတ်လလယ်ခန့်မှစ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ မတ်လ (၆)ရက်နေ့တွင် ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်းက ၂၀၁၈-၁၉ ခုနှစ် ဘတ်ဂျက်ခွင့်ပြုချက်ဖြင့် ဧရာဝတီမြစ် ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့်အခြေအနေကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net