စက်တော်ရာ တစ်ထောက်နားဖူးမြော် လှမ်းလာဖို့ဖိတ်ခေါ် အိုင်းမ ဆည်တော်

စက်တော်ရာ တစ်ထောက်နားဖူးမြော် လှမ်းလာဖို့ဖိတ်ခေါ် အိုင်းမ ဆည်တော်
မတ် 4, 2019 | ဆောင်းပါး
စက်တော်ရာ တစ်ထောက်နားဖူးမြော် လှမ်းလာဖို့ဖိတ်ခေါ် အိုင်းမ ဆည်တော်
ဆည်တော် ဆိုတာ မကွေးတိုင်း မင်းဘူး(စကု)မြို့နယ်အတွင်းက ရွှေစက်တော်ဘုရားပွဲတော်နဲ့အတူ သက်ဝင် လှုပ်ရှားလာလေ့ရှိတဲ့ နေရာလေးတစ်ခုပါ။ အိုင်းမ၊ အိုးပြင်မဲ၊ လက်ပံတော ဆိုတဲ့ ကျေးရွာ(၃)ရွာက ဒေသခံတွေရဲ့ အားထုတ်ဖော်ဆောင်မှုနဲ့ ဖြစ်တည်လာတဲ့ နေရာအခင်းအကျင်းလေးတစ်ခုလို့ဆိုရမှာပါ။

စက်တော်ရာမှသည် ဆည်တော်ဆီသို့…
မန်းစက်တော်ရာ ဘုရားပွဲတော်ကနေ (၃)မိုင်လမ်းအတိုင်းပြန်ထွက်ခဲ့ပြီး လက်ဝဲဘက်ကိုချိုးကွေ့လို့ ပုသိမ်-မုံရွာ လမ်းအတိုင်း လာခဲ့ကြရာက အိုင်းမလမ်းခွဲကို ရောက်ရှိပြီး (၄)မိုင်ခွဲလောက် ဆက်ဝင်လိုက်မယ်ဆိုရင် တသွင်သွင် စီးဆင်းနေတဲ့ မန်းချောင်းရပြေင်ပေါ်မှာ ထန်းလက်မိုးလေးတွေ အစီအရီနဲ့ လှပစွာစွဲဆောင်နေတဲ့ ဆည်တော်ဆိုတဲ့ နေရာကို ရောက်ရှိမှာဖြစ်ပါ တယ်။

ဆည်တော်အစ ရွာသုံးရွာက…
မန်းစက်တော်ရာဘုရားပွဲတော်ကို ဘုရားဖူးရောက်လာကြသူတိုင်း လိုလိုဟာ ဆည်တော်ကနေတစ်ဆင့် ရွှေစက်တော် ဒါမှမဟုတ် ရွှေစက်တော်ကနေ ဆည်တော် ဆီကို ပျော်ရွှင်ဖွယ်ရာ အပန်းဖြေခရီးသက်သက် ဝင်နားခိုကြလေ့ ရှိခဲ့ကြတာဟာ ဆယ်စုနှစ်နီးပါးရှိခဲ့ကြပါပြီ။ ဆယ်စုနှစ်လို့ ဆိုပေမယ့် တကယ်တမ်းလူသိများ စည်ကားခဲ့တာကတော့ လေးနှစ်လောက်ပဲရှိသေးတယ်လို့ ဆိုပါတယ်။

“ဆည်တော်ရယ်လို့ ဖြစ်လာတာ ၂၀၁၀ခုနှစ်လောက်က ထန်းလက်တဲ စားသောက်ဆိုင်လေး ဆယ့်လေး ငါးဆိုင်လောက်နဲ့ အစပြုခဲ့တာပါ။ တစ်စတစ်စ လူသိများလာပြီး ၂၀၁၅ခုနှစ်လောက်မှာ ဆိုင်(၃၀)၊ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဆိုင်(၅၀) လောက်အထိ ဖြစ်လာပြီး ဒီနှစ် ရွှေစက်တော် ဘုရားပွဲတော်ရာသီမှာတော့ ဆိုင်(၆၀)လောက် အထိ ရှိလာပါတယ်။ဒေသခံတွေပဲ ဖွင့်ခွင့်ပြုတာပါ။ တစ်ရာသီစာလုံးအတွက် တစ်ဆိုင်ကို ကျပ်(၅)သောင်းခွဲနှုန်းကောက်ခံပေမယ့် အဲဒီငွေက သောင်ပြင် ပြင်ဆင်စရိတ်နဲ့ လုံခြုံရေးအတွက်ပဲ သုံးနိုင်တာဖြစ်ပြီး ချောင်းကူးတံတားက ရတဲ့ငွေကိုတော့ အိုင်းမ၊လက်ပံတောနဲ့ အိုးပြင်မဲ ကျေးရွာ (၃)ရွာအတွက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် သုံးပါတယ်”လို့ အိုင်းမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးက ပြောပါ တယ်။

ဆည်တော်မှာ အဝင်အထွက် ချောင်းကူးတံတား(၂)စင်း တည်ဆောက်ပေးထားပြီး အိမ်စီးကားတစ်စီးကို ကျပ်(၅၀၀)၊ လိုက် ရပ်ယာဉ်တစ်စီးကို ကျပ်(၁,ဝဝဝ)၊ယာဉ်ကြီးဆို ကျပ်(၁,၅၀၀) တံတားဖြတ်သန်းခ ကောက်ခံတာကြောင့် ဘယ်လိုစီမံမှုနဲ့ အဲလို ကောက်ခံတာလဲလို့ မေးမြန်းကြည့်တော့ ရွာ(၃)ရွာပေါင်းစပ် တည်ဆောက်ပြီး တံတား ဖြတ်သန်းခကောက်ခံရေးဂိတ်ကို လုပ်ကိုင်ခွင့်ပေးလို့ ရရှိတဲ့အကျိုးအမြတ်ကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ရွာ(၃)ရွာ ခွဲဝေရယူကြတယ်လို့ ဆိုပါတယ်။

ဆီထမင်းနဲ့ ငါးကြော်…
လွတ်လပ်ပျော်ပါး ရေချိုးကစားနိုင်ဖို့အတွက် တသွင်သွင်စီးဆင်းပေးနေတဲ့ မန်းချောင်းရကြေည်ကြည်အေးနဲ့ ဒေသအစား အစာဖြစ်တဲ့ ဆီထမင်းနဲ့ ငါးကြော်တို့က အပန်းဖြေလာရောက်ကြသူတွေအတွက်တော့ စွဲဆောင်မှု တစ်ရပ်ဖြစ်လို့နေပါတယ်။ တကယ်ပျော်လိုသူတွေအတွက် ဆည်တော်ကိုဖန်တီးပေးထားတာဖြစ်သလို စိုက်ပျိုးရာသီအလွန် လယ်ယာလုပ်ငန်းခွင်နား ချိန်နွေကာလမှာ ဒေသခံတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတစ်ရပ်ပါပဲ လို့ ဒေသခံတွေက ပြောပါတယ်။

“ဆည်တော် အပန်းဖြေ နားနေစခန်းတည်ဆောက်နိုင်ဖို့ မင်းဘူးမြို့နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေဆီ ခွင့်ပြုချက်တင်ပြ တောင်းခံဆောင်ရွက်တာဖြစ်ပြီး လုံခြုံရေးအတွက် အိုင်းမရဲစခန်းနဲ့ မီးသတ်အဖွဲ့က တာဝန်ယူပေးကြပါတယ်။ နှစ်တိုင်း အေးအေးချမ်းချမ်းပါပဲ”လို့ အိုင်းမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

ရေပေါ် လှေစီးရသလို…
စားသောက်ဆိုင်လေးတွေဟာ ချောင်ရေစပ်မှာသာ တဲထိုးထားတာမျိုး မဟုတ်ဘဲ ချောင်းရပြေင်ပေါ်အထိ ထန်းလက်မိုး ဝါးကြမ်းခင်း ထိုးထားကြတာဖြစ်လို့ ရေပေါ်လှေစီးရသလို ခံစားရင်း မွန်းကြပ်တဲ့လူနေမှုဝန်းကျင်မှာသာ ကျင်လည်နေခဲ့ကြ သူများအနေနဲ့ လွတ်လပ်အေးမြတဲ့ အရသာကို တိုးပြီးခံစားရတာမို့ တစ်နှစ်ထက် တစ်နှစ် လာရောက်သူများပြားနေတာပါ။

အရက်သေစာရောင်းချခြင်းမပြုဖို့၊ ပြည့်တန်ဆာမထားဖို့၊ လောင်းကစားမလုပ်ဖို့၊ ညအိပ် ညနေ တည်းခိုဆောင်မထားဖို့..စတဲ့ စည်းကမ်းချက်(၁၂)ချက်နဲ့ စားသောက်ဆိုင်တွေကို တားမြစ်ချက်ထုတ်ပြန်ထားတယ်လို့ ဆိုပေမယ့် ဘီယာပုလင်းခွံတစ်ချို့ကတော့ ချောင်းရေစီးကြောင်းနဲ့အတူ မျောပါသွားတာကိုတော့ တွေ့ရတတ်ပါတယ်။

လှမ်းလာဖို့ ဖိတ်ခေါ် အိုင်းမ ဆည်တော်…
အညာနွေရဲ့ ပူပြင်းတဲ့နေရောင်အောက်မှာ ကန္တာရထဲက အိုအေစစ်လေးလို့ပြောရမယ့် ဆည်တော် ဆိုတဲ့ အပန်းဖြေရာ စခန်း သာလေးဟာ မန်းချောင်းရေနဲ့အတူ လှပတဲ့သဘာဝပန်းချီကားတစ်ချပ်လို ရှိနပြေီး ရွှေစက်တော်ဘုရားဖူးလာပြည်သူများ အနေနဲ့ ရွှေစက်တော်ကတစ်ဆင့် သွားရောက်နိုင်သလို စကုကနေ သိမ်ကုန်း မြောင်းဘောင်လမ်းအတိုင်း သွားရောက်လို့ ဆည်တော် မှာ တစ်ထောက်နားအပန်းဖြပြေီး ရွှေစက်တော် ဘုရားပွဲတော်ဆီကို ဆက်လက်သွားရောက် ဖူးမြော်နိုင်ကြပါကြောင်း တင်ပြ ဖိတ်ခေါ် လိုက်ရပါတယ်။

ဆောင်းပါး - ဖီးနစ်

 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
 
 
 
 
 
 
 
 
 

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...