“ဝ”အထူးဒေသအတွင်း ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား (၈၀)တွင် အွန်လိုင်းမှ တဆင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည့် မူးယစ်ဂိုဏ်းနှင့် ဆက်စပ်သူ (၇)ဦးပါဝင်ကြောင်း အတည်ပြုထားပြီး ဆက်လက် စစ်ဆေးမည်

“ဝ”အထူးဒေသအတွင်း ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား (၈၀)တွင် အွန်လိုင်းမှ တဆင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသည့် မူးယစ်ဂိုဏ်းနှင့် ဆက်စပ်သူ (၇)ဦးပါဝင်ကြောင်း အတည်ပြုထားပြီး ဆက်လက် စစ်ဆေးမည်

ထိုင်းနိုင်ငံတွင်း မူးယစ်ဂိုဏ်းများအား ဖမ်းဆီးမှုကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်ရှိ “ဝ”ဒေသတွင်း တိမ်းရှောင်လာသည့် ထိုင်းမူးယစ်ဂိုဏ်းမှ (၇)ဦး အပါအဝင် တရားမဝင် ထိုင်းနိုင်ငံသား (၈၀)ဦးကို မြန်မာနှင့်ထိုင်း နှစ်နိုင်ငံ သတင်း ချိတ်ဆက် ဖမ်းဆီးမိပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့ ညပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်။

“မြန်မာနိုင်ငံဖက်မှာရှိတဲ့ ဌာနဆိုင်ရာ အသီးသီးက ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ပူးပေါင်း ပါဝင်ပေးပြီး ကူညီဆောင်ရွက်ပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ အဲဒီအတွက်လည်း မြန်မာနိုင်ငံဘက်ကနပြေီးမှ အခက်အခဲ တစ်စုံတစ်ရာ ရှိခဲ့လို့ရှိရင် အချိန်မရွေးအကြောင်းကြားပေးပါ။ ကျွန်တော်တို့ဘက်ကလည်း စိတ်အားထက်သန် စွာနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ကို အမြဲတမ်း ကြိုဆိုပါတယ်”ဟု ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသားများအား ပြန်လည်လက်ခံသည့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်မှ စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား ရင်ခွင်ပိုက်ကလေးတစ်ဦး၊ အမျိုးသား (၄၇)ဦးနှင့် အမျိုးသမီး (၃၃)ဦးကို မိုင်းတွမ်းနယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၉၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးပြီးနောက် သံတမန်နည်းလမ်းအရ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ပြည်နှင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အရေးမယူဘူးဆိုတာက ကျွန်တော်တို့က သံတမန်ရေးနည်းလမ်းအရ ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံက ဒီလို တစ်ဖက်နိုင်ငံနဲ့ တစ်ဖက်နိုင်ငံ နိုင်ငံကူးခွင့်လက်မှတ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်နယ်မြေ ကျော်လွန်မှုပဲ ဖြစ်တယ်။ ကျန်တဲ့အမှုတွေ ဘာမှမရှိဘူး။ သတ်မှတ်နယ်မြေ ကျော်လွန်တာလေးပဲ ရှိတာဖြစ်တဲ့ အတွက် နှစ်နိုင်ငံချစ်ကြည်ရေးအရ တရားမစွဲ၊ အမှုမဖွင့်ဘဲနဲ့ လာရာလမ်းကြောင်းအတိုင်း ပြည်နှင်တယ်လို့ ကျွန်တော်ပြောလို့ရတာပေါ့ "ဟု ရှမ်းပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ဦးဝင်းလွင်က တာချီလိတ်သတင်းအေဂျင်စီ၏ မေးမြန်းမှုအား ပြန်လည်ဖြကြေားသည်။

မြန်မာဘက်မှ လွှဲပြောင်းလက်ခံခဲ့သည့် ထိုင်းနိုင်ငံသားများတွင် မူးယစ်ဂိုဏ်းနှင့် ဆက်စပ်သူများ ပါဝင်မှုရှိ မရှိကို ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ထိုင်းနိုင်ငံမှာဖြစ်ပျက်နေတဲ့ မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံမှာ ဂယက်ရိုက်သွားတာကတော့ လူမှုကွန်ယက်စာမျက်နှာမှာ မူးယစ်ဆေးဝါးတွေ ရောင်းဝယ် ဖောက်ကားနေတဲ့အဖွဲ့တွေ ထိုင်းနိုင်ငံကနေ သုတ်သင် ရှင်းလင်းပြီးတော့ ဖမ်းဆီးနေတော့ အဖမ်းခံရတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီလူတွေဆီက အမှုစစ်ဆေးချက်အရ တစ်ချို့တစ်ချို့သော မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ် ပတ်သက်ပြီးတော့ ရောင်းဝယ်ဖောက်ကားတဲ့သူတွေက ဒီနယ်စပ် တရားမဝင် လမ်းကြောင်းကနေ မြန်မာနိုင်ငံရဲ့ နယ်စပ်တစ်နေရာမှာ ခိုလှုံနကြေတယ်ဆိုတာကို သူတို့ရဲ့နောက်ဆက်တွဲသတင်းတွေ အရ သိရှိရတဲ့အတွက် ဒီဘက်မှာရှိတဲ့ ရဲချုပ်တွေရော၊ အကောက်ခွန်က ညွှန်ကြားရေးမှူးချုပ်တွေရော၊ လဝကရဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ဆူဝန်ချစ် ရဲ့ညွှန်ကြားချက်အရ နှစ်နိုင်ငံချစ်ကြည်ရေးရှေးရှုပြီးတော့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေကို အဆင့်ဆင့် အကြောင်းကြားပြီးမှ ဒီထိုင်းနိုင်ငံသားတွေ အများအားဖြင့် ခိုလှုံနိုင်တဲ့နေရာတွေကို သွားရောက်စစ်ဆေးဖမ်းဆီးပေးဖို့ အကြောင်းကြားပါတယ်။ ဒီလိုကြောင့် ဖမ်းဆီးရမိတယ်လို့ သိရတယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါတွေ ပါနေတယ်ဆိုတာကို တိတိကျကျတော့ မသိနိုင်သေးဘူး။ စစ်ဆေးပြီးတော့မှ အဓိကလိုချင်တဲ့ ဘယ်သူတွေလဲလို့ သိရမှာပါ"ဟု ထိုင်းနိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် မူးယစ်ဂိုဏ်းများနှင့် ဆက်စပ်သူ (၁၇၁)ဦးကို ဖမ်းဆီးရမိထားပြီး ဆက်စပ်ဖော်ထုတ်ချက်အရ မူးယစ်ဂိုဏ်းမှ ဦးဆောင်သူအပါအဝင် ဆက်နွှယ်သူများသည် နယ်စပ်မြန်မာဘက်ခြမ်းတွင် ခိုလှုံနေသည်ဟု သတင်း ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဖမ်းဆီးရာ အဆိုပါ ထိုင်းနိုင်ငံသားများကို မိုင်းဆတ်မြို့နယ်၊ မိုင်းကန်းကျေးရွာအုပ်စု၊ နားယောင်းရွာ၊ “ဝ”အထူးဒေသ(၂)ရှိ စင်းခမ်းနှင့် နားယောင်းတည်းခိုခန်းများတွင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ ညနေ(၃)နာရီဝန်းကျင်၌ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် “ဝ”ဒေသတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။

 

 

 

 

 

 

Ko Zaung is the editor-in-chief of Tachileik News Agency.

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။