တာချီလိတ်မြို့ လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်အနီးရှိ အိမ်ခြေများအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာတစ်ခု သတ်မှတ်ပေးရန် တင်ပြထားမှု (၄)နှစ်ကျော်ကြာနေ၍ ဒေါ်အောင်ဆန်းစုကြည်မှ ပြည်နယ်ဝန်ကြီးချုပ်အား သတိပေး

တာချီလိတ်မြို့ လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်အနီးရှိ အိမ်ခြေများအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာတစ်ခု သတ်မှတ်ပေးရန် တင်ပြထားမှု (၄)နှစ်ကျော်ကြာနေ၍ ဒေါ်အောင်ဆန်းစုကြည်မှ ပြည်နယ်ဝန်ကြီးချုပ်အား သတိပေး
ဖေဖော်ဝါရီ 5, 2019
By Tachileik News Agency

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တာချီလိတ် လူထုတွေ့ဆုံပွဲတွင် လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်အနီးဝန်းကျင်၌ နေထိုင်သည့် လူဦးရေ(၁,၁၀၀)ကျော်နှင့် ပတ်သက်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာတစ်ခု အနေဖြင့် သတ်မှတ်ပေးရန် ၂၀၁၅ခုနှစ်ကတည်းက တင်ပြ ထားသော်လည်း လက်ရှိအချိန်အထိ ထူးခြားမှု မရှိသေးသည့်အတွက် အချိန်ကြန့်ကြာနေမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်နယ်ဝန်ကြီးချုပ်အား သတိပေးလိုက်သည်။

၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သည့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြို့နေလူထု တွေ့ဆုံပွဲတွင် လွယ်တော်ခမ်း စစ်ဆေးရေးဂိတ် အနီးတွင် နေထိုင်သူ ဦးကျော်မြင့်က  လက်ရှိ လူအများနေထိုင်ရာ နေရာကို ရပ်ကွက် သို့မဟုတ် ကျေးရွာတစ်ခု သတ်မှတ်ပေးရန် ၂၀၁၅ ခုနှစ် ကတည်းက တင်ပြထားသော်လည်း လက်ရှိအချိန် အထိ ထူးခြားမှု မရှိသေးသဖြင့် သိရှိလိုကြောင်း မေးမြန်းခဲ့ရာမှ သက်ဆိုင်သူများက ပြန်လည်ဖြေကြားပြီးချိန်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။

“အဲဒါကို အချိန်ယူတာ နည်းနည်းလေးများနေပြီလို့ ကျွန်မထင်တယ်။ ဒါကြောင့်မို့ ဒါကိုအမြန်ဆုံး ပြည်ထောင်စု အစိုးရအဖွဲ့ကို တင်ပြပေးပါ။ ဒါ (၄)နှစ်နီးပါးရှိပြီဆိုတော့ ဒါတော့ မဖြစ်သင့်ပါဘူး။ အဲလောက်အချိန်ဆွဲတာ ကတော့ တစ်ခုခုတော့ အားနည်းချက်တော့ ရှိပြီထင်တယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားလိုက်ခြင်း ဖြစ်သည်။

လွယ်တော်ခမ်းစစ်ဆေးရေးဂိတ် အနီး နေထိုင်သူများမှာ ပုန်းထွန်ရပ်ကွက်နှင့် လွယ်တော်ခမ်းကျေးရွာ အုပ်စုကြားတွင်ဖြစ်ကာ အိမ်ထောင်စု (၂၆၄)စုရှိပြီး လူဦးရေမှာ(၁,၁၈၈)ဦး နေထိုင်နေသော်လည်း မည်သည့် ရပ်ကွက်တွင် ပါဝင်သည်ဟု တိတိကျကျ မသတ်မှတ် ထားသဖြင့် မှတ်ပုံတင်ပြုလုပ်သည့်ကိစ္စ၊ အိမ်ထောင်စုစာရင်း ပြုလုပ်သည့်ကိစ္စ၊ ကျောင်းအပ်ရေးကိစ္စများနှင့် ထောက်ခံစာများရယူရာတွင် အခက်အခဲများ ရှိနေသည့် အတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာတစ်ခု အဖြစ်သတ်မှတ်ပေးရန်အတွက် ၂၀၁၅ ခုနှစ်က ပြည်နယ်ဝန်ကြီးချုပ်ထံတင်ပြထားကြောင်း ဦးကျော်မြင့်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တင်ပြလိုက်ခြင်းဖြစ်သည်။

“၂၀၁၅ ကတည်းက သိရှိထားပြီး ဖြစ်ပါတယ်။ အဲဒီကိစ္စအတွက် ခန့်ခွဲဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ဒီရက်ကွက်ကို ပထမဆုံးမှာ လောလောဆယ် အနေအထားအရ ဒီရပ်ကွက်ရဲ့အနေအထားက ပြောရရင် ကျူးဆိုတဲ့ အဆင့် အနေအထား ဖြစ်နေတယ်။ အဲဒီကနေပြီးတော့ တရားဝင် ရက်ကွက်အဖြစ်ကို ရောက်ဖို့ ဆောင်ရွက်တဲ့အခါမှာ သက်မှတ်ထားတဲ့ နည်းဥပဒေ၊ စည်းကမ်းဥပဒေ၊ လုပ်ထုံးလုပ်နည်း တွေအတိုင်း ဆောင်ရွက်ရတာ ဖြစ်ပါတယ်။  အဲဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ ကြန့်ကြာနေရတာကို ရက်ကွက်သူ ရပ်ကွက်သားများကို တောင်းပန်ပါတယ်”ဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဠ်က ပြောကြားသည်။

အဆိုပါနေရာအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေလျက်ရှိကြောင်းလည်း သိရသည်။

၎င်းနေရာမှာ သိမ်းဆည်းခံလယ်ယာမြေများဖြစ်ပြီး ပြန်လည်စွန့်လွတ်ပေးထားသည့်နေရာဖြစ်ကြောင်း၊ ယင်းနေရာတွင် လွန်ခဲ့သော နှစ် (၂၀)ခန့်က နေထိုင်ခဲ့သူများလည်း ရှိနေသဖြင့် မြေပြင်စစ်ဆေးမှုများ ပြုလုပ်နေပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ရက်ကွက်တစ်ခုအဖြစ် သတ်မှတ်ပေးနိုင်ရန် အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က တွေ့ဆုံပွဲတွင် ရှင်းလင်းပြောကြားသွားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တာချီလိတ်လူထုတွေ့ဆုံမှုပြုလုပ်ရာတွင် မြေယာကိစ္စများကို တင်ပြသွားခဲ့ပြီး တိုက်ရိုက်တိုင်ကြားစာ (၃၇)စောင်လည်း တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက တိုင်ကြားစာလက်ခံရေးကော်မတီထံ ပေးအပ်လိုက်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~