
သွဂုတျ 5, 2018
By 🌸






သတင်း #ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
 မကွေးတိုင်းအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၁၀)ခုအနက် (၈)ခု ရာနှုန်းပြည့်ပြီးစီး
************
မကွေးတိုင်းဒေသကြီးအတွင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၁၀)ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးငွေလုံး ငွေရင်းရန်ပုံငွေ ကျပ်(၁၅၅၂.၉၁)သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်း(၁၀)ခုအနက် (၈)ခုမှာ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၈ခုနှစ် ဧပြီလမ စက်တင်ဘာလထိ (၆) လအတွင်း ရေစကြိုမြို့နယ်၊ ဇရပ်နီကျေးရွာ ချင်းတွင်းမြစ်ရေတိုက်စားမှု ၊ ပေါက်မြို့နယ် သမားတော်ကျေးရွာ ရေပြာချောင်းတိုက်စားမှု၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု  ထူး ပေါက်-အင်းကုန်းကျေးရွာကမ်းပြိုမှု ၊ ငဖဲမြို့နယ် နယ်ဇောကျေးရွာ မန်းချောင်းရေတိုက် စားမှု၊ ပေါက်မြို့နယ်၊ ချောင်းကူးကျေးရွာ ကမ်းပြိုမှု၊ ရေနံချောင်းမြို့နယ်၊ ပင်းဝကျေးရွာ၊ ပင်း ချောင်းရေတိုက်စားမှု၊ စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာကမ်းပြိုမှု၊ အောင်လံမြို့နယ် ရွာထောင်ကျေးရွာ အမကကျောင်းချောင်းရေတိုက်စားမှုစသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၈)ခုကို ရာနှုန်းပြည့် ပြီးစီးသည်အထိ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျန်နေသေးတဲ့ ဆင်ပေါင်ဝဲမြို့နယ်၊ စည်တိုင်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကလည်း ရာခိုင်နှုန်းပြည့်နီးပါး ပြီးနေပါပြီ။ ကံမမြို့နယ်ထဲက ရေနံသာကျေးရွာ မန်းချောင်း ရေတိုက်စားမှု လုပ်ငန်းကတော့ ရေတက်နေလို့  (၇၀) ရာနှုန်းလောက်ပဲပြီးပါသေးတယ်" ဟု မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်၌(၆)လတာလုပ်ငန်းများပြီးစီးပါက တိုင်းအတွင်းကမ်းပြို ကာ ကွယ်ရေးလုပ်ငန်း (၁၆)ခုကို ဆက်လက်ဆောင်ရွက်နိုင်ရန် တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားမှုအား မကွေးတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုထားပြီဖြစ်၍ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေ ကျပ် (၃)ဘီလျံခန့် သုံးစွဲ ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

လက်ရှိဆောင်ရွက်နေသည့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း(၉)ခုမှာ ချောင်းရေတိုက်စားခြင်းကြောင့်ဖြစ်ပြီး ကျန်(၁)ခုမှာမြစ်ရေတိုက်စားမှုကြောင့်ဖြစ်ကြောင်း သိရသည်။

ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို မကွေးတိုင်းဒေသကြီးအစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက် နေခြင်းဖြစ်ပြီး ရေလမ်းကြောင်းထိန်းသိမ်းရေးလုပ်ငန်းများကို ပြည်ထောင်စုဘတ်ဂျက်မှ နှစ်စဉ်ချထားပေးလျှက်ရှိကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~