တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှုဖြင့် ထောင်က ထွက်လာသူထံက ဆိုင်ကယ်(၉)စီး သိမ်းဆည်းရမိ၍ အရေးယူထား၊ ဆိုင်ကယ်ပိုင်ရှင်များ ရဲစခန်းသို့ လာရောက်ကြည့်နိုင်

တာချီလိတ်တွင် ဆိုင်ကယ်ခိုးမှုဖြင့် ထောင်က ထွက်လာသူထံက ဆိုင်ကယ်(၉)စီး သိမ်းဆည်းရမိ၍ အရေးယူထား၊ ဆိုင်ကယ်ပိုင်ရှင်များ ရဲစခန်းသို့ လာရောက်ကြည့်နိုင်
ဇွန် 10, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် ဆိုင်ကယ်များ ခိုးခံရပြီး ပျောက်ဆုံးနေမှုများနှင့် ပတ်သက်၍ နယ်ထိန်းရဲအဖွဲ့၏ လူဆိုးမှတ်တမ်းများအရ စစ်ဆေးမှုများ ပြုလုပ်ရာက ဆိုင်ကယ်ခိုးယူသူ အမျိုးသား(၂)ဦးထံမှ ဆိုင်ကယ်(၉)စီးအား ၂၀၁၈ခုနှစ် ဇွန်လ(၉)ရက်နေ့ နေ့လယ်ပိုင်း က ဖမ်းဆီး သိမ်းဆည်းရမိ၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ဆိုင်ကယ်ခိုးသူများအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးခိုင်တို့၏ ကြီးကြပ်မှုဖြင့် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်အေးလွင် နှင့် အဖွဲ့ အပါအဝင် အမှုစစ် နယ်ထိန်းဒုခေါင်းဆောင် ရဲအုပ် ကိုကိုဦးတို့ စစ်ဆေး ဆောင်ရွက်နေပြီး တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၇၆/၂၀၁၈ဖြင့် အမှုဖွင့်ထားသည့် ဆိုင်ကယ်ခိုးမှုနှင့် ပတ်သက်၍ တရားခံ နှင့် သက်သေခံ ပစ္စည်းများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ရာက တဆင့် ဖော်ထုတ်ရမိခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ် ဆိုင်ကယ်ခိုးသူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းမှုများ ပြုလုပ်နေစဉ် နယ်ထိန်း အဖွဲ့ဝင် တပ်ကြပ်ကြီး ကျော်ဇေယျမှ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း(ပါလျှံ-၂)ရှိ နေအိမ်လိုင်းခန်းငှားတွင် ဦးမြင့်ကိုကို ဆိုသူ၏ ဆိုင်ကယ်မှာ ပျောက်ဆုံးသွားပြီး၊ မပျောက်မီ (၂)ရက်ခန့် အလိုက ဆိုင်ကယ်သော့မှာ အရင်ပျောက်ဆုံးနေကြောင်း နယ်ထိန်းခေါင်းဆောင်ထံ သတင်းပေးလာရာမှ နယ်ထိန်းတပ်ဖွဲ့ဝင်များက အဆိုပါ နေအိမ်လိုင်းခန်းသို့ သွားရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

နယ်ထိန်းအဖွဲ့မှ အဆိုပါ နေအိမ်လိုင်းငှားသို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကနဦးအနေဖြင့် လိုင်းခန်းငှားတွင် နေထိုင်သူများ၏ စာရင်းအား အခန်းငှားပိုင်ရှင် နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထံက ရယူကာ စိစစ်ရာတွင် လိုင်းခန်း(၉)ခန်းတွင် အများစုမှာ အလုပ်အကိုင်ရှိသည့် မိသားစုများသာ ဖြစ်သော်လည်း အောက်ထပ်လှေကားနှင့် ကပ်လျှက်ရှိ အခန်းတွင် နေထိုင်ကြသည့် စိုင်းရှစ်ခွန်ကျော် နှင့် ဇင်မင်းသူ ဆိုသူတို့မှာ အလုပ်အကိုင် အတည်တကျ မရှိဘဲ အခန်းငှားနေထိုင်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မသင်္ကာဖွယ်အဆိုပါ နှစ်ဦးအား စစ်ဆေးမေးမြန်းရာမှ စိုင်းရှစ်ခွန်သည် ၂၀၁၇ခုနှစ်အတွင်းက ဆိုင်ကယ်ခိုးမှုဖြင့် တာချီလိတ်မြို့နယ်တရားရုံးက ထောင်ဒဏ်(၉)လ အမိန့်ချခံရပြီး လွန်ခဲ့သော (၂)လဝန်းကျင်က ထောင်မှ ပြန်လွှတ်လာသူဖြစ်ကြောင်း သိရသည်။

၎င်းတို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်ရာက တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၇၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉(ဆိုင်ကယ်)ဖြင့် အမှုဖွင့်ထားသည့် အမှုမှ ဆိုင်ကယ်(၂)စီးနှင့်အတူ နောက်ထပ် စစ်ဆေးပေါ်ပေါက်သည့် ဆိုင်ကယ်(၇)စီးတို့အား ၎င်းတို့အနေဖြင့် ခိုး၍ရရှိသည့် ဆိုင်ကယ်များအား သိုဝှက်၊ ပုံဖျက်ရန်အတွက် ငှားရမ်းထားသည့် ဝိန်ကျောက်ရပ်ကွက်အတွင်းမှ လုံးချင်းနေအိမ်အတွင်းက ထပ်မံ သိမ်းဆည်းရမိကြောင်းသိရသည်။

ဆိုင်ကယ်များ ခိုးယူပြီး သိုဝှက် ပုံဖျက်ရန်အတွက် သီးသန့် ငှားရမ်းထားသည့် လုံချင်းနေအိမ်အတွင်းက ဆိုင်ကယ်ဒူးကာ၊ ကာဘာ၊ ဆိုင်ကယ်စတေကာများ နှင့် ဆိုင်ကယ်ပုံဖျက်ရာတွင် အသုံးပြုသည့် ကျောက်လှည့်၊ ဂွင်းဂွများ နှင့် ကျောက်စက်များအား ဆက်လက် သိမ်းဆည်းရမိကြောင်း သိရသည်။

ဆိုင်ကယ်ခိုးသူများနှင့်အတူ သိမ်းဆည်းရမိသည့် ဆိုင်ကယ်များအား ဆိုင်ကယ်ခိုးခံရသူများအနေဖြင့် မိမိတို့ ဆိုင်ကယ် ပါဝင်ခြင်း ရှိမရှိကို သိရှိနိုင်ရန်အတွက် တာချီလိတ်မြို့မရဲစခန်းသို့ လာရောက် ကြည့်ရှုနိုင်ကြောင်း နယ်ထိန်းရဲအဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆက်လက်၍ သိမ်းဆည်းရမိသည့် သက်သေခံ ဆိုင်ကယ်များအား ဆိုင်ကယ်ပိုင်ရှင်များ ပေါ်ပေါက်ရေး အတွက် တာချီလိတ်မြို့မရဲစခန်းမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းရှစ်ခွန်ကျော် နှင့် ဇင်မင်းသူတို့အား စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပြီး အမှုဖွင့်အရေးယူရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓါတ်ပုံ - ရဲတပ်ဖွဲ့