ရုပ်ရှင်ရုံမရှိတဲ့ ကျောက်မဲ

ရုပ်ရှင်ရုံမရှိတဲ့ ကျောက်မဲ

ရုံးပိတ်ရက်လို နေ့မျိုးမှာဆိုရင် ကျောက်မဲမြို့ရဲ့ မြို့လယ်ခေါင်ဟု ဆိုအပ်သည့် ထိုနေရာသည် အလွန် လူစည်ကားသော နေရာတစ်ခုဖြစ်သည်။

မျက်နှာစာရှေ့ အုတ်တံတိုင်းပုပုနှင့် ကပ်လျှက်နေရာတွင် တစ်နေကုန် ပူပူနွေးနွေးရနိုင်သည့် အကြော်စုံ ဆိုင်လေးလည်း ရှိသည်။

ထိုအကြော်ဆိုင်၏ နောက်ကျော အုတ်တံတိုင်းပုပုသာခြားသည့်နေရာတွင် သရက်သီးစိတ်၊ အုန်းသီးစိတ်နှင့် ငှက်ပျောသီးအစရှိသည်တို့ အပြင် ကာလပေါ် အချဉ်သီးဆားရည်စိမ်၊ ငှက်ပျောသီး၊ ဆားငံသီး၊ နကြောစေ့၊ ကွာစေ့၊ အာလူးကြော်တို့ကို ရောင်းချသည့် ဆိုင်တန်းငယ်လေးလည်းရှိသည်။

လပ်နေသည့် ကွင်းပြင်နှင့် ဝင်ပေါက် နှစ်ခုအကြားတွင်တော့ စက်ဘီးအပ်( ဆိုင်ကယ်သိပ်မစီးကြသေး ) သည့် နေရာတစ်ခုရှိပြီး မျက်နှာစာ ညာဘက်အဝင်ပေါက်နံဘေးတွင်တော့ တိုက်ပုလေးတစ်ခုရှိကာ ထိုတိုက်ပု၏ အပေါ်ထပ် ဝရံတာနေရာတွင် ပန်းချီဆန်ဆန် ပိတ်စပိုစတာကြီးများကို ချိတ်ဆွဲ ထားလေ့ရှိသည်။

ဘယ်ဖက်ဝင်ပေါက်နံဘေးတွင် တိုက်ခန်းငယ်တစ်ခုရှိပြီး စာအုပ်အငှါးဆိုင်တစ်ဆိုင်ဖွင့်ထားကာ၎င်းနေရာကို လွန်၍ ခြေလှမ်း ဆယ်လှမ်းခန့် လှမ်းပါက အဆောက်အဦးကြီးတစ်ခု၏ အပေါ်ထပ်သို့တက်မည့် လှေကားနံဘေး လူကြီးခါးလယ်ခန့်အုတ်ရိုးအထက်တွင် လက်နှစ်ဖက်ချောင်ချောင်ဝင်နိုင်သည့် အပေါက် အချို့ ရှိပြီး လွတ်နေသာနေရာကျယ်များတွင် သံဇကာအကွက်ကျဲကျဲတို့ဖြင့် ကာရံထားသည်။

အရှေ့ဆုံးတွင် ရောက်ရှိနေသူကို မည်သူမှ ကျော်မတက်ဘဲ ထိုသူ၏ နောက်ကျောဘက်တွင် အနည်း ငယ်ခွာ၍ ရပ်တန့်ကာ လက်မှတ်ဝယ်ရန်စောင့်ဆိုင်းနေသူတို့ရှိပြီး အသက်အရွယ်အမျိုးမျိုးနှင့် ကလေးတို့မှာလည်း ပြေးလွှား ဆော့ကစားနေသူများရှိသလို အဆောက်အဦး၏ မျက်နှာစာတွင် (လူနှစ်ဦး ဝင်ရောက်လျှောက်လှမ်း စရာ နေရာချန်၍ ရင်စို့ခန့် အမြင့်ရှိ ) အုတ်ရိုးဖြင့်ကာရံထားသည့် နေရာရှိ မှန်ချပ်ကြီးနောက်ဖက်တွင် ချိတ်ဆွဲ ထားသော ရောင်စုံပိုစတာကြီးများကို ကြည့်လျှက် နေသူက နေနေသည်။

ထိုအဆောက်အဦးကြီးမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၏ ပထမဦးဆုံး ရုပ်ရှင်ရုံဖြစ်သည့် “ စိန်အောင်ဝင်း” အမည်ရှိ ရုပ်ရှင်ရုံကြီး ဖြစ်ပြီး သွပ်မိုးမိုးထားသည့် အဆောက်အဦးတစ်ခုဖြစ်ကာ ရေတံလျောက် နေရာ အဆောက်အဦးမျက်နှာစာထိပ်တွင် မြန်မာနိုင်ငံတော်အလံကိုလည်း စိုက်ထူထားပေသည်။

ရှေ့မီနောက်မီ အသက်အရွယ်ရှိသူများ ကောင်းကောင်းမှတ်မိနေသည့် “သူ့ကျွန်မခံပြီ”၊“အမေ့ခြေရာ”၊ “သမီးမိုက်”၊ “မငြိမ်းသောမီး” ရုပ်ရှင် ဇာတ်ကားမှစ နာမည်ကျော် မြန်မာ့ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသည့် ညွှန့်ဝင်း၊ ကျော်သူ၊ ကျော်ဟိန်း၊ သတိုးစောတို့ မှအစ ဒွေး၊ သားညီ၊ လူမင်းတို့ အပါအဝင် မေသန်းနု၊ ခင်သန်းနု၊ ချိုပြုံး၊ တင့်တင့်ထွန်း၊ အိန္ဒြာကျော်ဇင်၊ သက်မွန်မြင့် တို့ ပါဝင် သရုပ်ဆောင် ထားကြသည့် ဇာတ်လမ်းရုပ်ရှင်များကို ပင်တိုင် ပြသနေသည့် ရုပ်ရှင်ရုံကြီးလည်း ဖြစ်သည်။

မှတ်မှတ်ရရ “မငြိမ်းသောမီး” ဟူသည့် ရုပ်ရှင်ဇာတ်ကားကို ကျွန်တော့်မိဘများ၊ မောင်နှမများနှင့် ခြေလျင်သွား၍ ကြည့်ကာ ပြန်လာသည့်ညတွင် ကျွန်တော်တို့ ရပ်ကွက်ထဲရှိ “မငြိမ်း” ဟု အမည်ရှိသည့် အန်တီကြီး၏ နေအိမ် နောက်ဖက်တွင် “တောမီး” လည်း လောင်ခဲ့သည့် နေ့ဖြစ်သည်။ ( စကားချပ် )

ထို့ပြင် အိန္ဒိယဘောလီးဝုဒ် သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားကြသည့် Doom၊ ဟာနုမာန်၊ မျောက်လိမ္မာ၊ မြွေလိမ္မာ၊ ဆင်လိမ္မာတို့နှင့် အသောကမင်းကြီး၏ ဇာတ်လမ်းရုပ်ရှင် အပါအဝင် နိုင်ငံခြားကားများ ဆိုလျင်လည်း Titanic ဇာတ်ကားမှအစ Vin Diesel တို့ပါဝင်သရုပ်ဆောင်ထားသည့် Xender Cage ဇာတ်ကားများအပါအဝင် နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားများကိုလည်း ပြသနေသည့် ရုပ်ရှင်ရုံကြီး ဖြစ်သည်။

နှစ်ကိုယ်စုံတွဲလေးများ လက်ချင်းတွဲ၍ ရင်ခုန်ကြည်နူးစရာနေရာတစ်ခုဖြစ်သလို လက်ကိုင်ဖုန်းများ ပေါပေါ များများ မပေါ်ထွက်သေးသည့်ကာလဖြစ်၍ ကျောင်းသူ/ကျောင်းသား လူငယ်များ၏ မိဘများကို ပူဆာလိုက်ပို့ ခိုင်း စရာ နေရာတစ်ခုလည်းဖြစ်သည်။

တီဗွီ၊ ဗွီစီဒီ နှင့် ဒီဗွီဒီ စက်များလည်း အိမ်တိုင်းအိမ်တိုင်းတွင် မရှိသေးသလို လူငယ်များမှာလည်း လက်ဖက်ရည် ဆိုင်နှင့် တစ်နာရီဆော့ကစားလျင် ကျပ် (၁၀၀) မှ (၂၀၀) ထိပေးရသည့် Play Station Two ( P2) ဂိမ်းများပြီးလျှင် တတိယမြောက် အားအကိုးရဆုံးသော ဖျော်ဖြေရေးကဏ္ဍတစ်ခုဖြစ်သည့် ရုပ်ရှင်ပြသရာ နေရာကြီးလည်း ဖြစ်သည်။

နောက်ပိုင်းတွင် နိုင်ငံခြား ဇာတ်ကားများနှင့် နိုင်ငံတကာဘောလုံးပွဲများကို အဓိကထား၍ ပြသသည့် “မင်္ဂလာ” ဟူသည့် ရုပ်ရှင်ရုံ ထပ်မံမပေါ်ပေါက်လာသေးသည့် အချိန်အထိ “စိန်အောင်ဝင်း” ရုပ်ရှင်ရုံ ဟူသည် ကျောက်မဲမြို့တွင် ပြိုင်ဘက်မရှိ မင်းမူနေနိုင်သည့် ဖျော်ဖြေရေး ချန်ပီယံကြီးလည်း ဖြစ်သည်။

တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ ရုပ်ရှင်ပိုစတာကြီးများ ဘေးတစ်ဖက်တစ်ချက်စီတွင် တပ်ဆင်ထားပြီး ကားငယ်၏ ခေါင်မိုးထက်တွင် လော်ကြီးတစ်ခုတပ်ဆင်ကာ အသံကျယ်ကျယ်ချိုချို ဖြင့် “ကျောက်မဲရွှမြေို့တော် အတွင်းရှိ ရုပ်ရှင်ကြည့် ပရိတ်သတ်များခင်ဗျာ” ဟု အစချီကာ ခရိုင်မြို့ ဟု ဆိုကြသည့် ကျောက်မဲမြို့ငယ်လေးအတွင်း အော်ကာ ဟစ်ကာ ကြော်ငြာပေးလေ့ရှိသလို လက်ကမ်းစာစောင်ငယ်လေးများ ကိုလည်း ကားပေါ်မှ ဝေပေးလေ့ရှိသည်။

ထို ကြော်ငြာကားလာသည့် အသံကြားသည်နှင့် အလယ်တန်းကျောင်းသားအရွယ် ဆယ်ကျော်သက် ကလေးငယ်များမှ အစ လူပျို၊ အပျို အရွယ်များ အထိ ကားလမ်းမတစ်လျှောက်တွင် လက်ကမ်း စာစောင်ငယ် ဘယ်နှစ်ခုရသည်ဆိုသည်ကို ပြိုင်ဆိုင် ကောက်ယူဖူးကြလေသည်။

၂၀၁၀ -၂၀၁၁ ခုနှစ် ကာလများတွင် ရုပ်ရှင်ရုံကြီးတွင် ရုပ်ရှင်ကားများ ပြသနေမှုကို ရုတ်တရက် ရပ်ဆိုင်း လိုက် သည့်အခါ “ကျောက်မဲခရိုင်” ဟု အမည်တွင်သည့် တောင်ပတ်လည်ဝိုင်းရံနေသည့် ဒယ်အိုး သဖွယ်မြို့ငယ်လေး တွင် “ရုပ်ရှင်” ဟူ သည့် အရာတစ်ခု သေဆုံးသွားခဲ့လေသည်။

ရုပ်ရှင်ရုံ စတင်ပိတ်လိုက်သည့် နေ့စွဲအတိအကျကို မမှတ်မိသော်ငြား ထိုနေ့က ရုပ်ရှင်ရုံ၏ အပေါ်ထပ် DC တန်းတွင် လာရောက်ကြည့်ရှုသူ စုံတွဲ နှစ်တွဲ၊ အောက်ထပ်ရှိ တတိယတန်းဈေး ပေးရသည့် အကန့်တွင် ကြည့်ရှုသူ တစ်ဦး၊ အလယ်အလတ်တန်းတွင် နှစ်ဦးနှင့် ပိတ်ကားနှင့် အနီးဆုံး ဈေးအနည်းဆုံး အတန်းတွင် ကြည့်ရှုသူ (၃) ဦး သာရှိသည်။

ရုပ်ရှင်မပြသမီ ဗွီစီဒီ သီချင်းများဖြစ်ကြသည့် “ကိုကိုကရွှေမင်းသား၊ ကျွမက စင်ဒရဲလား” ဆိုသည့် သီချင်းနှင့် လက်ပွားမင်းသား၏ ဇတ်ကားတစ်ခုမှ ဇာတ်ဝင်တေး တစ်ပုဒ် ဖြစ်သည့် “you are my sonia” ဟူသည့် သီချင်း များအပြီးဝယ် ဓာတ်မီးတစ်လက်ဖြင့် လက်မှတ်စစ် တစ်ဦးဝင်ရောက်လာကာ “ဒီနေ့ ရုပ်ရှင်မပြတော့ဘူး” ဟု ပြောသည်။

လက်ချိုးရေတွက်လို့ရသည့် ကြည့်ရှုသူ အနည်းငယ်ထဲမှ တစ်ဦးစ၊ နှစ်ဦးစက “ဘာလို့မပြတော့တာလဲ။ လက်မှတ်လည်း ဝယ်ထားပြီးပြီဥစ္စာ” စသဖြင့် မေးမြန်းကြသည့်အခါ “ကြည့်တဲ့သူနည်းတဲ့အတွက် စက်နှိုးရတာ မကိုက်လို့” ဟု ဖြေလိုက်သည်ကိုသာ နောက်ဆုံး ကြားလိုက်ရပြီး ကျွန်တော်အပါအဝင် ( ယခုအိမ်ထောင်ကျထားသည့် ကျွန်တော့်အမျိုးသမီး ) ကျွန်တော်၏ မိန်းကလေးလည်း လက်မှတ်စစ်က ပြန်အမ်းလာသည့် လက်မှတ်ဖိုး ကို ယူကာ ရုပ်ရှင်ရုံမှ ထွက်ခွာခဲ့ရသည်။

ထိုနေ့သည် ရုပ်ရှင်ရုံအား လုံးဝ မပြတော့ဘဲ ရပ်စဲလိုက်သည့် နေ့မှန်းတော့ မသိခဲ့ပေ။ ရုပ်ရှင်ရုံ ဟူသည် ရုပ်ရှင်ဇာတ်ကားကို ကြည့်ချင်ရုံသက်သက် ဖြင့် လာရောက်ကြသူများရှိသလို တနင်္လာမှ သောကြာ တစ်ပတ်လုံး ရုံးအလုပ်များနှင့် စိတ်ရှုပ်ထွေးရခြင်းကြောင့် စနေနှင့် တနင်္ဂေနွ နေ့လို နေ့များတွင် စိတ်အပန်းဖြေရန် လာရောက်ကြသူများလည်းရှိသည်။

သာမာန် လက်လုပ်လက်စား ပြည်သူများအနဖြေင့်လည်း မိမိတို့မသွားရောက် မလည်ပတ်နိုင်သည့် နေရာများ၊ မြို့များ၊ မြင်ကွင်းများ၊ နိုင်ငံခြားတိုင်းပြည်များမှ အလှအပမြင်ကွင်းများ၊ ခေတ်မီ စက်ပစ္စည်းများကို အသုံးပြုနကြေ ပုံများ၊ တို့ကို ငွေကြေးအနည်းငယ်မျှဖြင့် မြင်တွေ့ရနိုင်သလို မကြားဖူးသည့် ဘာသာရပ်များ၊ မမြင်ဖူးသည့် စွန့်စား တိုက်ခိုက်မှုများ၊ အချစ်ဇာတ်လမ်းများ၊ တိရိစ္ဆာန်လေးများ စသဖြင့် အမြင်ထူးများကို ခံစားနိုင်ရန်လည်း ရုပ်ရှင်ကို ကြည့်ကြလေသည်။

လူငယ်များ အနဖြေင့်လည်း မိမိတို့ချစ်ခင်ကြင်နာရသူနှင့် ချိန်းတွေ့ကြသည့် နေရာတစ်ခုဖြစ်သလို ရုပ်ရှင်ရုံတွင် ပြသနေသည့် ဇာတ်လမ်းထဲမှ ကြောက်လန့်စရာ၊ ရင်ထိတ်စရာ၊ ဝမ်းနည်းစရာ၊ ဝမ်းသာစရာ၊ ရင်ဖိုစရာ မြင်ကွင်းများကို ချစ်သူ့လက်မောင်းတွင်မှီခို၍ ၄င်း၊ ချစ်သူ့လက်ဖဝါးလေးကို အုပ်ထွေး၍ လည်းကောင်း အတူတကွ ရင်ခုန်ကြည်နူးရသည့် အမှတ်တရများစွာကို ပေးစွမ်းနိုင်သည့် စိတ်အပန်းဖြေ စရာ နေရာတစ်ခု ဖြစ်ပြန်သည်။

မိသားစုအပန်းဖြေရာ နေရာအဖြစ် မိဘဖြစ်သူများက သားသမီးများကို ခေါ်၍လာကြမလား။ ခင်မင်ရင်းနှီးမှု မှတ်တိုင် တစ်ခုစိုက်ထူကြမယ့် သူငယ်ချင်းတွေစုပြီး လာကြမလား။ မိဘတွေမသိအောင် ချိန်းတွေ့ကြမယ့် ချစ်သူ စုံတွဲတွေ ရင်ခုန်စရာချိန်းတွေ့မှုအဖြစ် လာကြမလား။ တစ်ယောက်တည်း ငူငူငိုင်ငိုင် ဖြစ်နေမယ့် အစား ရုပ်ရှင်လေး သွားကြည့်ဦးမှပါ ဆိုသည့် စိတ်ကူးနှင့် တစ်ကိုယ်တည်းအပန်းဖြေမလား စသဖြင့် အရွယ်အမျိုးမျိုး အတွေး အမျိုးမျိုးဖြင့် လူအမျိုးမျိုးတို့ အပန်းဖြေရာ နေရာလေးလည်းဖြစ်ပေသည်။

ထို့ပြင် ယခုကာလကဲ့သို့ လူငယ်တိုင်းဖုန်းကိုင်နေသည့် အချိန်မဟုတ်သေးသည့်အတွက် နာရီပိုင်းဖြင့် အခကြေး ငွေ ပေးကာ ကစားရသည့် ဂိမ်းဆိုင်မှလွဲ၍ ရုပ်ရှင်ရုံ ဟူသည်မှာ အားထားရသည့် မီဒီယာဖျော်ဖြေရေးကဏ္ဍ တစ်ခု အဖြစ်အရေးပါသည့် နေရာတစ်ခုလည်းဖြစ်သည်။

အမျိုးသမီးတွေက ရုပ်ရှင်ဇတ်ကားထဲမှ သရုပ်ဆောင်များ၏ ဝတ်စားဆင်ယင်မှု၊ အလှအပ ပြင်ဆင်ထားမှုနှင့် ကိုယ်နေဟန်ထား စကားအသွားအလာမှအစ ဝတ်ဆင်ထားသည့် အဝတ်အထည်၏ ပိတ်စကိုပါ တစ်ပါးသူ မျက်စိထဲမြင်လာအောင် ပြန်လည်ပြောဆိုနိုင်သည်အထိ “ရုပ်ရှင်ဇတ်လမ်း” ဟူသည့်အရာ ကို အလေးအနက်ထား ကြည့်ရှုရသည့် “လူနေမှုအလှ အပ ပြူတင်းပေါက် ” တစ်ခုလည်းဖြစ်သည်။

မိဘက သားသမီးကို ဆုံးမ ပဲ့ပြင်ပုံ၊ ဇာတ်ဆောင်မင်းသားက မိတ်ဆွေတစ်သိုက်၊ သို့မဟုတ် နေထိုင်ရာ မြို့ကြီး တိုင်းပြည်ကြီး၊ ကမ္ဘာကြီးကို အသက်စွန့်၍ ကယ်တင်ပုံ၊ ထို့ပြင် လူဆိုးလူမိုက် လူယုတ်မာတို့၏ နောက်ဆုံးသွားရာ လမ်းမှာ ချမ်းသာရာမရပုံတို့ကို ဖော်ကြူးထားသည့် ဇာတ်လမ်းများကို ငွေရောင်ပိတ်ကားပေါ် တွင် အားပါးတရ ခံစားကြည့်ရှုနိုင်သည့်အတွက် လောကသဘာဝကို တရားကျ၍ရနိုင်သည့် ကမ္ဘာငယ်လေး လည်း ဖြစ်သည်။

သို့ဖြစ်၍ လူအမျိုးမျိုး စိတ်အထွေထွေတို့ အပန်းဖြေရာနေရာလေးတစ်ခုဖြစ်သည့် “ရုပ်ရှင်ရုံ” တို့ သေဆုံးခြင်းကို အနုပညာအတွက်ဖြစ်စေ မြို့အင်္ဂါရပ်အတွက်ဖြစ်စေ ပြန်လည် အသက်သွင်း ပေးစေလိုသည်။

သို့မဟုတ်ပါက ကျောက်မဲခရိုင် ကျောက်မဲမြို့ရှိ ပြည်သူတို့မှာ အခြားမြို့များသို့ သွားရောက် လည်ပတ်ချိန်မှသာ ရုပ်ရှင်ဇာတ်ကားကြီးများကို ပိတ်ကားထက်တွင် ကြည့်ရှုနေရပြီး မြန်မာ့ရုပ်ရှင် အကယ်ဒမီဆု မည်သည့် ဇာတ်ကား မှ ရရှိသည်ကိုပင် အကယ်ဒမီပေးပွဲပြီးမှ ပြန်ရှာကြည့်နေရသည့် ဘဝများဖြစ်နေလေသည်။

၂၀၀၀ ခုနှစ်နောက်ပိုင်း ကျောက်မဲမြို့တွင် မွေးဖွားနေထိုင်ကြသည့် လူငယ်များ၏ ဘဝတွင်လည်း ရုပ်ရှင်ရုံ တွင် ရုပ်ရှင်ကြည့်ရှုရသည့် အရသာကို ခံစားဖူးသူ နည်းပါးစွာဖြင့် “မင်းတို့မြို့မှာရုပ်ရှင်ရုံမှ မရှိတာ” ဟူသည့် တစ်ခြား မြို့များမှ မိတ်ဆွေတို့၏ လှောင်ပြောင်မှုကို ခံနေရသည့်အတွက် ကျောက်မဲခရိုင် ကျောက်မဲမြို့တွင် ခေတ်မီ “ရုပ်ရှင်ရုံ” အမြန်ဆုံး ရှိစေချင်မိတော့သည်။

ဆောင်းပါး - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...