ရန်ကုန်လေဆိပ်၌ အရေးပေါ်ဆင်းသက်ခဲ့ရသည့် အမေရိကန်လေကြောင်းလိုင်းမှ လေယာဉ်အား ယနေ့စစ်ဆေးမည်

မတ် 1, 2018
By Tachileik News Agency

ရန်ကုန်လေဆိပ်သို့ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က အရေးပေါ်ဆင်းသက်ခဲ့သည့် အမေရိကန်နိုင်ငံ အခြေစိုက် UPS - United Presal Service Co.,Ltd ပိုင် လေယာဉ်အား မတ်လ (၁)ရက်နေ့တွင် လေယာဉ်စစ်ဆေးမည့် အင်ဂျင်နီယာအဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်အား၎င်းတို့ကုမ္ပဏီမှ တာဝန်ရှိသူများသည် လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေယာဉ်ပေါ်သို့ တက်ရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

MC Donnell Douglas MD-11F(Cargo) လေယာဉ် အမျိုးအစား၊ လေယာဉ်အမှတ် N293UP လေယာဉ်သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်တွင် တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်မှ UAE နိုင်ငံ ဒူဘိုင်းလေဆိပ်သို့ ပျံသန်းစဉ် ကုန်ပစ္စည်းများပါရှိသည့် ကွန်တိန်နာပုံးမှ Fire Alarm မြည်လာသဖြင့် အရေးပေါ် ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား ယာဉ်များနှင့်အတူ အသင့်ပြင်ဆင်ထားရှိခဲ့ပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူများနှင့် လေဆိပ် မီးသတ်တာဝန်ခံ ဦးအောင်မြင့်တို့မှ အဆိုပါလေယာဉ်ပေါ်သို့ တက်ရောက်၍ လေယာဉ်မှူးနှင့် တွေ့ဆုံမေးမြန်းရာ မီးလောင်မှုမရှိဘဲ လစ်သီယံ ဘတ္ထရီအနံ့သာရရှိကြောင်း သိရှိရသည်။

လေယာဉ်တွင် လစ်သီယံဘက်ထရီ (Lithium Ion Batteries) (၁၇၅.၇)တန် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး လေယာဉ်မှူးသုံးဦးကို လဝက လုပ်ထုံးလုပ်နည်းနှင့်အညီ ဖေဖော်ဝါရီလ (၂၈)ရက်နေ့က တည်းခိုနေထိုင်ခွင့် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်အား စစ်ဆေးရန်နှင့် လေယာဉ်မှူးများအား ကူညီပေးရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်/ချုပ် ဦးမင်းလွင်နှင့် ဒုညွှန်/ချုပ် ဦးရဲထွန်းအောင်တို့က ညွှန်ကြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - MHAM

~~~~~~~~⊰❂ unicode ~~~~~~~~

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~