တာခ်ီလိတ္တြင္ တရားမ၀င္ေမြးျမဴထားသည့္ လိပ္ၾကက္တူေရြး (၃၄၂)ေကာင္အား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ တရားမ၀င္ေမြးျမဴထားသည့္ လိပ္ၾကက္တူေရြး (၃၄၂)ေကာင္အား ဖမ္းဆီးရမိ
အောက်တိုဘာ 26, 2017
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ တာခ်ီလိတ္ၿမိဳ႕ရွိ ၀မ္ေကာင္းရပ္ကြက္ အတြင္း၌ လိပ္ၾကက္တူေရြး စုစုေပါင္း (၃၄၂)ေကာင္အား ေမြးျမဴထားသူႏွင့္အတူ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၂၆)ရက္ေန႔ နံနက္ (၁၁)နာရီ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္၊ ရတနာလမ္းသြယ္ရွိ ေနအိမ္တြင္ တရားမ၀င္ လိပ္ၾကက္တူေရြးမ်ား စုေဆာင္းေမြးျမဴထားေၾကာင္း သတင္းရရွိ၍ တာခ်ီလိတ္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ေတာအုပ္ႀကီး ဦးေဇာ္လတ္ အပါအ၀င္ ေတာအုပ္ႏွင့္ေတာေခါင္းမ်ား၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲအုပ္ ကိုကိုဦး ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္အရန္မီးသတ္တပ္ရင္းမွ ဒုတပ္ရင္းမွဴး ရဲနႏၵာလင္း ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ၀မ္ေကာင္းျပည္သူ႔စစ္အဖြဲ႔၀င္မ်ား၊ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းႏွင့္ အဖြဲ႔၀င္မ်ားပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ ၀င္ေရာက္ စစ္ေဆး ရွာေဖြရာမွ ဖမ္းဆီးသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြမႈမ်ားျပဳလုပ္ရာတြင္ ေနအိမ္အတြင္း၌ တရားမ၀င္ လိပ္ၾကက္တူေရြးမ်ား စုေဆာင္းေမြးျမဴေနသူဟု ဆိုသည့္ ဦးေဌးေအာင္ ႏွင့္  အဆိုပါ အခန္းတြင္ ရွိေနသူ ဦးမင္းျမတ္သူ တို႔အားေတြ႕ရွိရၿပီး ပလတ္စတစ္ျခင္းမ်ားျဖင့္ ထည့္၍ ေမြးျမဴထားသည့္ လိပ္ၾကက္တူေရြးအရြယ္စံု စုစုေပါင္း (၃၄၂)ေကာင္အား ေတြ႕ရွိ သိမ္းဆည္း ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကိစၥ ႏွင့္ ပတ္သက္၍ တရား၀င္ အေထာက္အထား စာရြက္စာတမ္းမ်ား ေတာင္းခံရာတြင္ တင္ျပႏိုင္မႈမရွိသျဖင့္ ၎တို႔ႏွစ္ဦးအား ေတာရိုင္းတိရစာၦန္ႏွင့္ သဘာ၀အပင္မ်ား ကာကြယ္ေရးႏွင့္ သဘာဝနယ္ေျမမ်ား ထိန္းသိမ္းေရး ဥပေဒပုဒ္မ ၃၇(က)အရ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

ဖမ္းဆီးသိမ္းဆည္းရမိေသာ အဆိုပါ လိပ္မ်ားအား လတ္တေလာတြင္ တာခ်ီလိတ္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနရံုး၀န္းအတြင္း၌ ထိန္းသိမ္းထားရွိေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ


 


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက် အတွင်း၌ လိပ်ကြက်တူရွေး စုစုပေါင်း (၃၄၂)ကောင်အား မွေးမြူထားသူနှင့်အတူ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ နံနက် (၁၁)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းသွယ်ရှိ နေအိမ်တွင် တရားမဝင် လိပ်ကြက်တူရွေးများ စုဆောင်းမွေးမြူထားကြောင်း သတင်းရရှိ၍ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လတ် အပါအဝင် တောအုပ်နှင့်တောခေါင်းများ၊ တာချီလိတ်မြို့မရဲစခန်းမှ ရဲအုပ် ကိုကိုဦး နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ရဲနန္ဒါလင်း နှင့် တပ်ဖွဲ့ဝင်များ၊ ဝမ်ကောင်းပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် စစ်ဆေး ရှာဖွေရာမှ ဖမ်းဆီးသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေမှုများပြုလုပ်ရာတွင် နေအိမ်အတွင်း၌ တရားမဝင် လိပ်ကြက်တူရွေးများ စုဆောင်းမွေးမြူနေသူဟု ဆိုသည့် ဦးဌေးအောင် နှင့် အဆိုပါ အခန်းတွင် ရှိနေသူ ဦးမင်းမြတ်သူ တို့အားတွေ့ရှိရပြီး ပလတ်စတစ်ခြင်းများဖြင့် ထည့်၍ မွေးမြူထားသည့် လိပ်ကြက်တူရွေးအရွယ်စုံ စုစုပေါင်း (၃၄၂)ကောင်အား တွေ့ရှိ သိမ်းဆည်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ တရားဝင် အထောက်အထား စာရွက်စာတမ်းများ တောင်းခံရာတွင် တင်ပြနိုင်မှုမရှိသဖြင့်၎င်းတို့နှစ်ဦးအား တောရိုင်းတိရစာ္ဆန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇(က)အရ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ဖမ်းဆီးသိမ်းဆည်းရမိသော အဆိုပါ လိပ်များအား လတ်တလောတွင် တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနရုံးဝန်းအတွင်း၌ ထိန်းသိမ်းထားရှိကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~